ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံဆွေးနွး
နေပြည်တော်၊ ဇွန် - ၂
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည်ယနေ့ ညနေပိုင်း တွင် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Verma နှင့်တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် Maharashtra Lok Bhavan Mumbai (Governor’s House) သို့ရောက်ရှိရာ မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးတို့ သည် တွေ့ဆုံဆွေးနွေးကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအိမ်နီးချင်းကောင်း နိုင်ငံများဖြစ်သည် နှင့်အညီ သမိုင်းကြောင်းတစ်လျှောက်ကောင်းမွန်သည့် ဆက်ဆံရေးများရှိခဲ့မှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေ အနေများ၊ နှစ်နိုင်ငံပြည်သူများ အချင်းချင်းအပြန်အလှန် ကူးလူးဆက်ဆံမှုများ ရှိမှုအခြေအနေများ၊ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာဖြင့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့မှုအပေါ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအနေဖြင့် ကျေးဇူးတင်ရှိမှု အခြေအနေများနှင့် အခြားနှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှု များတိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ် ရေးမှူးတို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ် ရေးမှူးကတည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲပြုလုပ်မည့်နေရာသို့ ရောက်ရှိရာ ပြည်နယ်ဂုဏ်ပြုတီးဝိုင်းအဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတအား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ် ရေးမှူးက ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်သမ္မတက ကိုယ်စားလှယ်အဖွဲ့ဝင်များအား ပြန်လည်မိတ်ဆက်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး က ဂုဏ်ပြုညစာစားပွဲအား တည်ခင်းဧည့်ခံသည်။ ဂုဏ်ပြုညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း မဟာ ရာရှ်ထရာ ပြည်နယ်ဂုဏ်ပြုတီးဝိုင်းအဖွဲ့ကနှစ်နိုင်ငံ တေးသီးချင်းများဖြင့် တီးမှုတ် ဖျော်ဖြေကြသည်။
ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတ သည် Maharashtra Lok Bhavan Mumbai (Governor’s House) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မဟာရာရှ်ထရာ ပြည်နယ် ဂုဏ်ပြုတီးဝိုင်းအဖွဲ့၏ ဖျော်ဖြေတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး နိုင်ငံတော် သမ္မတနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီနှီး နှုတ်ဆက်ခဲ့ ကြောင်းသတင်းရရှိသည်။





