၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား နေပြည်တော်၊ ၂၀၂၆ ဇွန် ၁

Monday, June 1, 2026 - 06:00

၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

နေပြည်တော်၊ ၂၀၂၆ ဇွန် ၁

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော် ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ယနေ့နံနက်ပိုင်း မှ စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ စတင် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင်  သင်ရိုးညွှန်း တန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံများလည်း အခမဲ့ ပေးအပ်လျက်ရှိသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများ တွင် စာသင်ခုံများ နေရာချထားခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက်   ကြိုတင်ပြင်ဆင် ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးထားပြီးဖြစ်သည်။

နိုင်ငံအဝန်းရှိ အခြေခံပညာကျောင်းများ ယနေ့တွင်စတင်ဖွင့်လှစ်၍ ဆရာ/ ဆရာမများက ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာအတန်းများအလိုက် သင်ခန်းစာများ သင်ကြား/သင်ယူနေမှုတို့အား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြသည်။

ထို့ပြင် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက်လည်း လုံခြုံရေးတပ်ဖွဲ့ များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍  အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ် နောက်ကျနေသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ် လက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။

၎င်းအပြင် အမှတ်(၁) တပ်မတော်လူငယ် ပညာရေးသင်တန်းကျောင်း၊ ရန်ကုန် (ရဲမွန်) နှင့် အမှတ်(၂)လူငယ်ပညာရေးသင်တန်းကျောင်း၊ နေပြည်တော် တို့တွင် အခြေခံပညာအထက်တန်းအဆင့်  Grade-10 ၊Grade-11 နှင့် Grade-12 အတန်းများ ကိုလည်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စိတ်ပါဝင်စားစွာဖြင့် လာရောက် လျောက်ထားကျောင်းအပ်နှံသူများ များစွာရှိကြောင်း သိရှိရသည်။

အခုလို အခြေခံပညာကျောင်းများ ဖွင့်လှစ်ကာ အေးချမ်းပျော်ရွှင်စွာပညာ သင်ကြားနေမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ၏ စကားသံများကိုလည်း အခုလိုပဲကြားသိရပါတယ်-

၁။      ကျွန်မကျောင်းမဖွင့်ခင်အမှီ ပြင်ဆင်ထားရှိမှုကတော့ ကျောင်းသား/ကျောင်းသူလေး များ အေးချမ်းစွာနဲ့ ပညာသင်ကြားနိုင်အောင် စာသင်ခန်းတွေ၊ စာသင်ခုံတွေ သေချာစီထား ပါတယ်။ သေချာသပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ ဆောင်ရွက်ထားပါတယ်။ ရေရရှိမှု၊ ရေမိလ္လာစနစ်တွေ ကောင်းမွန်အောင်လည်း ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ကလေးပျော် ကျောင်းဖြစ်ဖို့အတွက် ပတ်ဝန်းကျင်ချုံနွယ်ပိတ်ပေါင်းတွေလည်းပဲ မရှိအောင် ဌာနဆိုင်ရာက နေပြီးတော့မှ လာပြီးတော့ ပူးပေါင်းရှင်းလင်းဆောင်ရွက်ပေးထားပါတယ်။ ထို့အတူ အခမဲ့ ပညာရေးစနစ်ဖြစ်တဲ့ အတွက်ကြောင့်မို့ အခမဲ့ပစ္စည်းတွေကို ကျောင်းအပ်လာတဲ့ ကလေး လက်ထဲကို တစ်ခါတည်း ထည့်နိုင်အောင် ပြင်ဆင်ထားပါတယ်။ မနှစ်ကထက်စာရင် ကျောင်း သားဦးရေများတာတွေ့ရပြီး မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့သားသမီးတွေကို ပညာရေးကို ပို ပြီးတော့မှ အားပေးလာတယ်လို့ ကျွန်မမြင်မိပါတယ်။

၂။       ဒီနေ့ကျောင်းစတက်တဲ့အချိန်မှာ အရမ်းပျော်ဖို့ကောင်းပါတယ်။ ကျောင်းစတက်လို့  စာသင်ခန်းထဲကိုဝင်တာနဲ့ သူငယ်ချင်းအသစ်တွေနဲ့လည်း တွေ့ရတယ်။ အရင်သူငယ်ချင်း အဟောင်းတွေလည်း ပြန်တွေ့ရတော့ တော်တော်ကို ပျော်ပါတယ်။ ဒီပညာရေးအနေနဲ့ သမီးတို့ရဲ့ ဘဝတက်လမ်းတွေကို အများကြီးဖော်ဆောင်ပြီးတော့ သမီးတို့ရဲ့ ဘဝရည်မှန်း ချက်တွေကို မြင့်မားအောင် ပြုလုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ သမီးတို့ကျောင်းကနေ QUALITY ပြည့်မီတဲ့ ဖတ်စာအုပ်အသစ်တွေနဲ့ ကျောင်းသုံးစာအုပ်တွေ၊ ဘောပင်တွေနဲ့ ခဲတံတွေကိုလည်း ထောက်ပံ့ပေးပါတယ်။ အခုလိုထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးအများ ကြီးတင်ပါတယ်။

၃။      ကျောင်းစတက်တဲ့နေ့ကတည်းက သူငယ်ချင်းတွေ အများကြီးတွေ့တယ်။ သူငယ်ချင်း အဟောင်းတွေလည်း ပြန်တွေ့ပြီးတော့ စာတွေဘယ်လိုကျက်ကြလည်းပြောရင်း အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကျောင်းကနေပြီးတော့ ပုံနှိပ်စာအုပ်တွေအပြည့်အစုံနဲ့ ခဲတံတွေ ဘောပင်တွေ နောက်တစ်ခါ ရေးစာအုပ်တွေကို အပြည့်အဝထောက်ပံ့ပေးထားပါ တယ်။ အနာဂါတ်မှာ G-12 ကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ပြီးတော့ ရေကြောင်းတက္က သိုလ်တက်ချင်ပါတယ်။