ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဟိုပုံးတပ်နယ်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ နည်းပြများနှင့် သင်တန်းသားများအား တွေ့ဆုံ ၊ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ ၃၀
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဟိုပုံးတပ်နယ်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းရှိ နည်းပြများနှင့် သင်တန်းသားများအား အဆိုပါကျောင်း သင်တန်းခန်းမ၌ သွားရောက် တွေ့ဆုံ အမှာစကား ပြောကြားသည်။
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမသို့ ရောက်ရှိကြရာ ခေတ္တ ကျောင်းအုပ်ကြီးက လေ့ကျင့်သင်ကြားရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ သင်ထောက် ကူပစ္စည်းများအား အဆင့်မြှင့်တင် လေ့ကျင့်သင်ကြားပေးနေမှုများနှင့် တပ်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က သင်တန်းသားများ အတွက် သင်ယူလျက်ရှိသည့် ဘာသာရပ်များနှင့်ပတ်သက်၍ လေ့လာဆည်းပူးနိုင်မည့် စာအုပ်၊ စာစောင်များအား စာကြည့်တိုက်များတွင်ထားရှိပေးရန်နှင့် အခြားလိုအပ် သည်များကို မှာကြားကာ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် သင်တန်းကျောင်းရှိ ဘုရင့်နောင်ခန်းမတွင် နည်းပြအရာရှိများ၊ သင်တန်းသားများအား သွားရောက်တွေဆုံ၍ အမှာစကားပြောကြား ရာတွင် တပ်မတော်အတွက် လိုအပ်သော လူသားအရင်းအမြစ်များကို မွေးထုတ် ပေးနေသည့် သင်တန်းကျောင်းများစွာရှိသည့်အနက် ယခုသင်တန်းကျောင်းသည် ခေတ်မီ တပ်မတော်တည်ဆောက်ရန်အတွက် လိုအပ်သော တပ်မတော်သား နည်းပညာရှင်များ အား လေ့ကျင့်မွေးထုတ်ပေးနေသည့် သင်တန်းကျောင်းများထဲတွင် ပါဝင်သည့်အတွက်အလွန်ပင်အရေးကြီးကြောင်း၊ သင်တန်းနည်းပြများအနေဖြင့်လည်း ယခုကဲ့သို့ အရေးကြီးသည့် သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးနေရသဖြင့် နည်းပြများ မှာ အလွန်တာဝန်ကြီးကြောင်း၊ ထို့ကြောင့် သင်တန်းနည်းပြများအနေဖြင့် မိမိ တို့သင်ကြားပေးရသည့် ပညာရပ်များအား ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားလေ့ကျင့် ပေးနိုင်ရန်အတွက် သက်ဆိုင်ရာနယ်ပယ်များအလိုက် အမြဲလေ့လာဆည်းပူးနေရန် လိုကြောင်း၊ သင်ကြားပေးနေသည့် ပညာရပ်များကိုလည်း လက်တွေ့ နယ်ပယ်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်အောင် စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် သင်ကြားပေး ရန်လိုကြောင်း၊ ထို့ပြင် ခေတ်မီစက်ပစ္စည်းကိရိယာများ ကိုင်တွယ် အသုံးပြုခြင်းများကို လေ့ကျင့်သင်ကြားပေးရသည့်အတွက် နည်းပြများအနေဖြင့်လည်း ဝမ်းစာပြည့်ဝနေရန် လိုကြောင်း၊ မိမိထက် ထူးချွန်ထက်မြက်သည့် တပည့်များ ဖြစ်အောင် သင်ကြားပေးရန် လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အရေးကြီး သည့် လူသားအရင်းမြစ် များကို သင်ကြားမွေးထုတ်ပေးရသည်ဖြစ်သည့်အတွက် အလေးထားသင်ကြားပေးရန် လိုကြောင်း၊ သင်ကြားသည့်အခါတွင်လည်း သင်တန်းသား များ နားလည်တတ်မြောက် လွယ်အောင် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ တပ်မတော်အတွက် အမှန်တကယ် အားထားရသည့် နည်းပညာနှင့် ပတ်သက်သည့် တပ်မတော်သား ပညာသည်များကို မွေးထုတ်ပေးရခြင်းဖြစ်သည့်အတွက် ဖြစ်ပေါ် ပြောင်းလဲနေသည့် ခေတ်မီနည်းပညာ များကို စဉ်ဆက်မပြတ် လေ့လာနေကြရန် လိုကြောင်း။
ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် နည်းပညာကျွမ်းကျင်သည့် အသိ ပညာရှင်၊ အတက်ပညာရှင်များ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့် အရေးပါလာ ကြောင်း၊ ထို့ကြောင့် သင်တန်းနည်းပြများက သက်ဆိုင်ရာ နယ်ပယ်အလိုက် စဉ်ဆက် မပြတ် လေ့လာနေသကဲ့သို့ သင်တန်းသားများအနေဖြင့်လည်း လိုအပ်သည့် နည်းပညာများအား အကျိုးရှိစွာအသုံးပြုနိုင်စေရန် သင်ယူထားသည့်ဘာသာရပ်များကို အမှန်တကယ်ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားလေ့ကျင့်သင်ယူကြရန်လိုကြောင်း။
မိမိတို့ တပ်မတော်အနေဖြင့် ခေတ်နှင့်လျော်ညီသည့် တိုးတက်ပြောင်းလဲ လာသော စစ်နည်းဗျူဟာများ၊ စစ်အတတ်ပညာများ၊ စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာများအား ပြောင်းလဲကျင့်သုံးရန်လိုအပ်ကြောင်း၊ သို့ဖြစ်၍ သင်တန်းသား များအနေဖြင့် ပြောင်းလဲတိုးတက်လာသော နည်းပညာများအား စဉ်ဆက်မပြတ် လေ့လာ၍ မိမိတို့သင်ကြားလေ့လာထားသည့် ဘာသာရပ်နယ်ပယ်အလိုက် Professional ကျကျ တက်မြောက်သည်အထိ ကြိုးစားလုပ်ဆောင်ကြရန်လိုကြောင်း၊ အားလပ်ချိန်များတွင် ပညာရပ်ဆိုင်ရာစာပေ များကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ သင်တန်းသားများအားလုံး စစ်အတတ် ပညာနှင့် လုပ်ငန်းအတတ်ပညာများတွင် အရည်အချင်းပြည့်မီသူများ ဖြစ်ရန်လိုကြောင်း၊ မိမိတက်ကျွမ်းသည့် အတက်ပညာ များကို အပြည့်အဝအသုံးချခြင်းဖြင့် စွမ်းအားရှိသည့် တပ်မတော်ကို တည်ဆောက်နိုင် မည် ဖြစ်ကြောင်း။
တပ်မတော်သားများသည် တပ်မတော်အတွင်းဝင်ရောက် အမှုထမ်းဆောင်ကြ ရာတွင် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ မိမိတို့၏ဆန္ဒအလျောက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တပ်မတော် က ချမှတ်ထားသည့် စည်းကမ်းများအတိုင်းလိုက်နာကျင့်သုံး၍ မိမိကိုယ်ကိုယ် ထိန်းသိမ်း နေထိုင်ပါက တစ်ဦးချင်းစီ၏ ရည်မှန်းချက်များ တိုးတက်အောင်မြင်လာမည် ဖြစ် ကြောင်း၊ မိမိတို့ဘဝကို ထိခိုက်ပျက်စီးစေနိုင်သည့် မူးယစ်သောက်စားမှုများနှင့် အပျော် အပါး လောင်းကစားမှုများကို ရှောင်ကြဉ်ရန်လိုကြောင်း။
သင်တန်းသားများ အနေဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် လိုအပ်နေသော နည်းပညာရှင်ကောင်းများ၊ နိုင်ငံသားကောင်းများဖြစ်ရန်နှင့် နိုင်ငံတော်နှင့်တပ်မတော် အပေါ် သစ္စာရှိရန်လိုကြောင်း၊ သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ရောက်ရှိတာဝန်ထမ်းဆောင်ချိန်တွင်လည်း သင်ကြားပေးလိုက်သည့် ပညာရပ်များအား မှန်မှန်ကန်ကန်အသုံးချပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လိုကြောင်းနှင့် တာဝန်ထမ်းဆောင်ကြရာ တွင် လည်း မိမိ၏ကျောင်းဂုဏ်သိက္ခာ တပ်မတော်၏ ဂုဏ်သက္ခာကို စောင့်ထိန်းရန်နှင့် ဥပဒေမဲ့ လုပ်ရပ်များ မလုပ်မိစေရန်လိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြ သည့် နည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြ သည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းဝန်းအတွင်းရှိ စာသင်ဆောင် များ၊အင်ဂျင်နီယာသင်တန်းသားအိပ်ဆောင်များ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသား များ အိမ်ဆောင်ခင်းကျင်းထားရှိမှုများနှင့် သင်တန်းသားစားရိပ်သားများအား လှည့်လည် ကြည့်ရှု စစ်ဆေးကြရာ စားရိပ်သာများတွင် ချက်ပြုကျွေးမွေးရန် ပြင်ဆင်ထားရှိမှု၊ ထမင်းချက်ခန်း၊ ရိက္ခာစတို၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်စတိုများအား ကြည့်ရှု စစ်ဆေးပြီး ချက်ပြုကျွေးမွေးရာတွင် ကျန်းမာရေးနှင့်သင့်လျော်ပြီး သတ်မှတ်နှုန်းထား များအတိုင်း စနစ်တကျချက်ပြုတ်ကျွေးမွေးရန်၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆက်စွာ ထားရှိရန်နှင့် အခြားလိုအပ်သည်များကိုမှာကြားသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါလျက် တပ်နယ်အတွင်း တပ်ရင်း/ တပ်ဖွဲ့များရှိ နေအိမ်လိုင်းခန်းများနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိသော ရာသီသီးနှံ စိုက်ခင်းများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ကာ မိသားစုဝင်များအား ရင်းရင်း နှီးနှီးနှုတ်ဆက်၍ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

