ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အောင်ဆန်းခန်းမ၌ ဗထူးတပ် နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြား သည်။
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က အမှာစကား ပြောကြားရာတွင် တပ်မတော်အတွက် အရေးပါသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးလျက် ရှိသည့် ဗထူးတပ်မြို့မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များကို တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဗထူးတပ်နယ်ရှိ သင်တန်းကျောင်းများမှ သင်တန်း နည်းပြများ၏ စေတနာထား လေ့ကျင့်သင်ကြားပေးမှုများကို အသိအမှတ်ပြုပါကြောင်း။
မိမိတို့နိုင်ငံသည် ပထဝီအနေအထားအရ မတူညီသည့် နိုင်ငံရေးစနစ်များ ကျင့်သုံးကြသည့် အင်အားကြီး နိုင်ငံနှစ်ခုအကြားတွင် တည်ရှိကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်တွင် နိုင်ငံရေး၊ လူမျိုးရေးကို အကြောင်းပြ၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ် လာပြီး လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ အဆိုပါလက်နက် ကိုင်သောင်းကျန်းမှုများအား တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲ၍ အောင်မြင်စွာ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြောင်း။
၂၀၂၁ ခုနှစ် နောက်ပိုင်းကာလများတွင် နိုင်ငံရေးအမြင်ကွဲလွဲမှုအပေါ် အခွင့် ကောင်းယူကာ တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှအဖွဲ့ အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင် ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့ အပါအဝင် အကြမ်းဖက်အဖွဲ့များသည် ဒေသအလိုက် အမည်အမျိုးမျိုးဖြင့် ပေါ်ပေါက် လာခဲ့ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် အချို့သော EAO အဖွဲ့များ၏ အကြမ်းဖက် လုပ်ဆောင်မှုများကြောင့် အချို့ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိပြီး အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါအခြေအနေကို အခွင့်ကောင်း ရယူပြီး နယ်မြေချဲ့ထွင်မှုများ ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် တပ်မတော်အနေဖြင့် တပ်ရင်းတပ်ဖွဲ့များရှိ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ် အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထုများနှင့်အတူတကွ ပူးပေါင်း၍ နယ်မြေ လုံခြုံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းလာခဲ့ကြောင်း။
စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် ခိုင်မာ စွာလျှောက်လှမ်းနိုင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အဓိကလိုအပ်သည့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို တပ်မတော်က ကြိုးပမ်းထမ်းဆောင်ရမည် ဖြစ်သည့်အတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားပြည့်ဝသော ပြည်သူကအားကိုးယုံကြည်ရသည့် တပ်မတော် ဖြစ်အောင် မိမိတို့ကိုယ်စီ အစဉ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
တပ်မတော်အတွက် စွမ်းရည်၊ စွမ်းအားပြည့်ဝသည့် တပ်မတော်သားများ ပေါ်ထွန်းလာစေရေး လေ့ကျင့်ရေးသင်တန်းကျောင်းများက စနစ်တကျဖြင့် သင်ကြား မွေးထုတ်ပေးကြရမည်ဖြစ်ကြောင်း၊ ဗထူးတပ်နယ်ရှိ လေ့ကျင့်ရေးကျောင်းများသည် တပ်မတော်အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေး နေသဖြင့် နည်းပြများမှလည်း စေတနာထား၍ အပြည့်အဝ သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်ကြားပြသပေးရာတွင် “ရှေးရှုမေတ္တာဂရုဏာနှင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတက်သူ ဆရာဟူလော့” ဆိုသည့် အတိုင်း မေတ္တာ ၊ စေတနာ အပြည့်ဖြင့် သင်ကြားပေးစေလိုကြောင်း၊ နည်းပြများ အနေဖြင့်လည်း မိမိသင်ကြားပေးရသည့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာထားရမည်ဖြစ်ကြောင်း။
လူသားမျိုးနွယ်စုကို လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သယ် ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ပါဝင်ပတ်သက်ခြင်းရှိပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရန်မှာ ကျန်း မာကြံ့ခိုင်ရေးသည် အရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်သေစာ သောက်စားခြင်းများကို ရှောင်ကြဉ် ရန်လိုကြောင်း၊ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကိုလည်း အမြဲမပြတ်လုပ်ဆောင်သွား ကြရန်လိုကြောင်း၊ သို့မှသာ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြင့် လုပ်ငန်းတာဝန်များနှင့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို ထမ်းဆောင်နိုင်ရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီအလိုက် ကြံ့ခိုင်သန်စွမ်းမှု ရှိစေရေးလေ့ကျင့်နေရမည်ဖြစ်ပြီး မိမိတို့တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်ရမည့် တာဝန် များကို မှန်မှန်ကန်ကန်လုပ်ဆောင်နေခြင်းသည် လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း။
တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော် အပေါ် သစ္စာရှိရန်လိုကြောင်း၊ တပ်မတော်သည် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံတော် မပြိုကွဲရေးအတွက် အသက်သွေးချွေးများစွာ ပေးဆပ်၍ ကာကွယ်စောင့်ရှောက် ခဲ့ကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံတော်၌ ကြုံတွေ့လာသော အခက်အခဲ အမျိုးမျိုးကို အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ရှေ့ဆုံးက မားမားမတ်မတ် ရပ်တည်ကာကွယ်ခဲ့သည့် ကောင်းမြတ်သော အတိတ်သမိုင်းကြောင်း အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ တပ်မတော်သားများသည် သစ္စာလေးချက် ဦးထိပ်ပန်ဆင်ကြသူများ ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိကြရန်လိုကြောင်း။
တပ်မတော်သားများ၏ ပါရမီဖြည့်ဖက်မိသားစုဝင်များအနေဖြင့်လည်း မိမိ အကျိုး၊ မိသားစုအကျိုး၊ မိမိအဖွဲ့အစည်းအကျိုးအတွက် ပါရမီဖြည့်ဘက်ကောင်းများ ဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ ထို့ပြင် မိသားစုဝင်များအနေဖြင့် မိမိတို့ ရရှိသည့် ဝင်ငွေနှင့်ထွက်ငွေကို ညီညွတ်မျှတအောင်သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြား သိရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဗထူးဒေသသည် စိုက်ပျိုးဖြစ် ထွန်းသည့် မြေအမျိုးအစားဖြစ်သည့်အတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးများကို ကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ မိမိတို့၏ သက်သာချောင်ချိရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
ပညာရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးကို အထူးအလေးထား အားပေးလျက်ရှိပြီး ကျောင်းနေအရွယ် ကလေးငယ် တိုင်း KG+9 အထိ မသင်မနေရ ပညာသင်ကြားရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်သား မိသားစုဝင်များအနေဖြင့် မိမိတို့၏ သား သမီးများကို ပေးနိုင်သည့်အမွေသည် ပညာအမွေသာဖြစ်သည့်အတွက် ပညာတတ်များ ဖြစ်အောင် အလေးထားဆောင်ရွက်ပေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တပ်နယ်မှူးက လက်ခံရယူသည်။ အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီးက တပ်နယ်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေ များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


