ဒုတိယသမ္မတ ဦးညိုစော (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည်အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း နေပြည်တော် မေ ၂၉

Friday, May 29, 2026 - 18:30

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီး ဌာနက ကြီးမှူးကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်အပါး (၁၀၀) တို့ အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးအတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီး များ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋ ကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ပုစ္ဆကအကူဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၊ (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အာဂုံသဘော ရေးဖြေအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာသက်ခိုင်ဝင်း၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ၎င်းတို့၏ ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညို ကြသည်။

ဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ် မြတ်ကြီး ထံမှ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါး သီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သာရဏီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။

ယင်းနောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္တဝင်နိကာယ်ကျောင်းတိုက်မှ အရှင် ဝိစိတ္တသာရ နှင့် မူလအာဘိဓမ္မိက ဘွဲ့တံဆိပ်တော်ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိပိဋ ကနိကာယကျောင်းတိုက်မှ အရှင်ဂန္ဓမာတို့အား ဒုတိယသမ္မတ ဦးညိုစောက  ဘွဲ့တံဆိပ်တော် နှင့်အောင်လက်မှတ်များကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မူလအာဘိဓမ္မိက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၂ ပါး၊  ဒီဃနိကာယကောဝိဒဘွဲ့ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၃ ပါး၊ ဒီဃဘာ ဏက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၁ ပါး၊  ဝိနယကောဝိဒ ဘွဲ့တံဆိပ် တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ ဝိနယဓရ ဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင်မြတ် ၂၈ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင်မြတ် ၁၁ ပါး၊ ဥဘတောဝိဘင်္ဂဓရဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၄၆ ပါးတို့အား ပြည်ထောင်စုဝန်ကြီးများ ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့်အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက  ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ဒုတိယ သမ္မတနှင့်ဇနီးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်ဇနီး၊ ဧည့်ပရိတ်သတ်များနှင့် အလှူရှင်များက တိပိဋ ကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည်အရှင်သူမြတ်တို့အား ဓမ္မပူဇာအဖြစ် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော် ကြပြီး  လိုဏ်ဂူတော်ပရိဝုဏ်အတွင်း ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်း အမှတ်အဖြစ် ဖွင့်လှစ်ထားသည့် ပထမသင်္ဂါယနာတင် မှ ဆဋ္ဌသင်္ဂါယနာတင် အကြောင်း အရာများနှင့် ယနေ့ခေတ်သာသနာရေးဆိုင်ရာဆောင်ရွက်ချက် ပြကွက်များကို လှည့်လည် ကြည့်ရှု ကြသည်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ဗုဒ္ဓသာသနာတော်၌ ဘုန်းကံပါရမီအထူး ဉာဏ်ပညာအထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကိုဖော်ထုတ်ရေး၊ ပရိယတ္တိသာသနာတော်ကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံး ချီးမြှောက်ရေး နှင့်သာသနာတော်၌ ဓမ္မစေတီထိုက်သော ပိဋကသုံးပုံနှုတ်ငုံဆောင်ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ် ပူဇော်ရေးတို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ စာမေးပွဲကြီး စတင်ကျင်းပ သည့် (၁၃၁၀ ပြည့်နှစ်) ၁၉၄၈ ခုနှစ်မှစ၍ ၂၀၂၆ ခုနှစ်အတွင်း တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ် တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ်များ ထူးခြားစွာ ပေါ်ထွန်းခဲ့ရာ ယခု (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ပေါ်ထွန်း လာသည့် အရှင်ဝိစိတ္တသာရ အရှင်သူမြတ်မှာ ၁၈ ပါးမြောက် သာသနာ့အာဇာနည်ဖြစ် ကြောင်းနှင့်တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်သူမြတ်များ ဆက်လက် ပေါ်ထွန်းလာဦးမည်ဖြစ်ကြောင်း သိရသည်။