နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသည့်အပြင် “နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဉပဒေအရ ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ စာရင်း ပေးသွင်းကြသည့် လူငယ်များအား ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
ထိုသို့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၃)၏ သင်တန်းဆင်းပွဲ အခမ်းအနားများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြရာ အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူ ကြသည်။ ထို့နောက် သင်တန်းကျောင်းများ အလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီး ပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက် ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၃)မှ သင်တန်းဆင်းနိုင်ငံ့သားကောင်း စစ်သည်များအား သင်တန်းကျောင်းခန်းမများ၌ တွေ့ဆုံအမှာစကား ပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေး ခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ရာ နိုင်ငံတော်က ပေးအပ်သည့် တာဝန်များကို နိုင်ငံကြီးသားပီသစွာနှင့် ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်း များသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ ထမ်းဆောင်နေ ကြပြီဖြစ်သည်။
ထိုသို့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)တွင် တက်ရောက်ခဲ့ကြသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်း ဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရ ပါသည်-
၁။ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၂၃)မှာ ရရှိခဲ့တဲ့ဆုကတော့ စစ်သည်တော်ကျင့်ဝတ် ဆုဖြစ်ပါတယ်။ ဒီဆုကိုရရှိဖို့အတွက် ဆရာသမားတွေရဲ့ သွန်သင်ဆုံးမမှု သင်ပြမှု အပါဝင် ကျွန်တော်ကိုယ်တိုင်အားစိုက်မှုတွေနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၂၃)မှာ ကျွန်တော်ရရှိခဲ့တဲ့ အမှတ်တရအဖြစ်ဆုံးကတော့ ဒီဆုကိုရရှိခဲ့တဲ့ အချိန်ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ကျွန်တော် ကျောင်းတတ်တုန်း ကလည်း အတန်းတွေမှာဆိုရင် ပထမဆု၊ ဒုတိယဆု တွေကို အကြိမ်ပေါင်းများစွာ ရရှိသူတစ်ယောက်ဖြစ်ပါတယ်။ တပ်မတော်အတွင်းမှာ ဒီဆုကိုရရှိခဲ့တဲ့ ခံစားရတဲ့ ခံစားချက်နဲ့တော့ လုံးဝခြားနားပါတယ်။ အပြင် လောကမှာရရှိခဲ့တဲ့ ဆုတွေထက် ဒီဆုကိုရရှိတဲ့ အချိန်မှာ ရရှိတဲ့ခံစားချက်က အများကြီးသာ လွန်ပါတယ်။ ဒီသင်တန်းမှာ ရောက်ရှိနေတဲ့ ညီအစ်ကိုတွေက ဘဝပေါင်းစုံ အလွှာပေါင်းစုံမှ လူတွေအများကြီး ရှိပါတယ်။ ဒီလူတွေနဲ့ သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံရတယ်။ အပြင် လောကမှာ နဲ့ ဒီတပ်မတော်အတွင်းမှာနဲ့ နေထိုင်ရတာ အစစအရာရာမတူပါဘူး။ အပြင်လော ကမှာ စည်းစနစ်သိပ်မရှိဘူး။ တပ်မတော်အတွင်းမှာက မနက်မျက်လုံးဖွင့်ချိန်ကစပြီး စည်းစ နစ်ကျဖို့လိုတယ်။ အချိန်ကန့်သတ်ချက်ရှိတယ်။ တပ်မတော်မှာ One For All ဆိုတဲ့ စကားလုံး ရှိပါတယ်။ တစ်ယောက်မကောင်းဘူးဆိုရင် အကုန်လုံး မကောင်းပါဘူး။ တစ်ယောက်ချင်းစီက ကောင်းမှ တပ်မတော်က ကောင်းမှာပါ။ ဒါကြောင့် ဒီအတွေ့ အကြုံလေးတွေ ကျွန်တော်ရရှိ ခဲ့ပါတယ်။
၂။ သင်တန်းမှာ ရရှိခဲ့တဲ့ဆုကတော့ ချေမှုန်းရေးဆု ဖြစ်ပါတယ်။ ကိုယ် တစ်ယောက်ထဲ ကောင်းလို့တော့ မရပါဘူး။ ချေမှုန်းရေးဆု ဆိုတာကတော့ ကိုယ့် နောက်လိုက်ရဲဘော်တွေကောင်းတာရယ် ဆရာကြီးတွေရဲ့ သင်ပြပေးတဲ့ နည်းစနစ် တွေကို လိုက်နာကျင့်သုံးပြီးမှ ဒီဆုကို ရရှိခဲ့တာပါ။ အများကြီးပြောင်းလဲလာပါတယ်။ ကျွန်တော်တို့ အပြင်မှာနေရင် စည်းကမ်းမရှိနေတာက များတယ်။ စားတယ်၊ သောက်တယ်။ အခုဒီမှာဆိုတော့ နေမှုထိုင်မှုနဲ့ အပြောအဆိုတွေကအစ စည်းနဲ့ကမ်းနဲ့ နေထိုင်ရတယ်၊ ပြောရဆိုရတယ်။ ကိုယ့်ထက်ကြီးတဲ့သူကို ဘယ်လို ဆက်ဆံရတယ် ကအစ နည်းပြတွေက သင်ကြားဆုံးမတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ဂုဏ်ယူ ပါတယ်။ သင်တန်းဆင်းတော့ သင်ကြားပေးတဲ့ နည်းပြများနဲ့ သင်တန်းအတူ တက်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေနဲ့ ခွဲခွာရတော့မယ့်အတွက်ကြောင့် ဝမ်းနည်းမိပါတယ်။ ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးဖို့လိုတယ် လို့ ယုံကြည်ပါတယ်။ နောက်တက်ရောက်မယ့် ညီငယ်တွေကိုလည်း တိုင်းပြည်ကိုကာကွယ် ရန်အတွက် ပြည်သူ့စစ်မှုထမ်းကို လာရောက်ထမ်းဆောင်တက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ထို့နောက် ညပိုင်းတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၃)မှ နိုင်ငံ့ သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများကို သင်တန်း ကျောင်းအသီးသီး၌ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။








