မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ မေ ၂၈
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၌ အခြေပြု၍ အဆိုပါမြို့ပေါ်ရှိ သံဃာတော် ၇၀ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးခြင်း၊ ECGစက်ဖြင့်နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ရောဂါ ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော သံဃာတော်များအား မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များအား လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
