ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊တပ်ရင်းမှူးသင်တန်းသားများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ၂၀၂၆ မေ ၂၈
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတည်ငြိမ် အေးချမ်းမှုသည် အရေးကြီးသဖြင့် အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ထက်မြက် သည့် တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်သား တစ်ဦးချင်းစီ၏ စွမ်းရည်ထက် မြက်စေရေး လေ့ကျင့်သွားရန်လိုအပ်ကြောင်းဖြင့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ယနေ့ မွန်းလွဲပိုင်းတွင် ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး သင်တန်း သားများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိ ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး သင်တန်းသားများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း က တွေ့ဆုံအမှာစကား ပြောကြားရာတွင် ရှေ့တန်းစစ်မျက် နှာတွင် အသက်နှင့်ခန္ဓာကို အပ်နှင်း၍ စစ်ဆင်ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်း ဆောင်ခဲ့ပြီး သင်တန်းလာရောက်တက်ကြသည့် သင်တန်းသားများနှင့် တွေ့ဆုံရသည့် အတွက် ဝမ်းသာဂုဏ်ယူကြောင်း။
မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အချက်အခြာနေရာ(Geopolitical Pivot) တစ်ခုအဖြစ် တည်ရှိနေပြီး နိုင်ငံရေးစနစ် မတူညီသည့် အင်အားကြီးနှစ်နိုင်ငံ အကြား တွင် တည်ရှိကြောင်း၊ သမိုင်းကြောင်းအရ ကိုယ့်ထီးကိုယ့်နန်းနှင့် တိုင်းရင်းသား ပေါင်းစုံ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်သည်ကို အင်အားကြီး နယ်ချဲ့အင်္ဂလိပ် တို့၏ မတရားကျူးကျော် သိမ်းပိုက်ခံခဲ့ရာမှ ပြည်သူနှင့် မျိုးချစ်တပ်မတော်တို့ ပူးပေါင်းတွန်း လှန်ခဲ့ခြင်းဖြင့် လွတ်လပ်ရေးရခဲ့ကြောင်း၊ သို့သော်လည်း အင်အားကြီး အနောက်နိုင်ငံ ၏ မြှောက်ပင့်ပေးမှုဖြင့် ဖြစ်ပေါ်ခဲ့သည့် ပြည်ပကျူးကျော်မှုကိုလည်း တပ်မတော်နှင့် ပြည်သူလက်တွဲတိုက်ထုတ်ခဲ့ရကြောင်း၊ ထိုသို့ သမိုင်းအစဉ်အလာနှင့် နိုင်ငံ၏ ပထဝီ အနေအထားကြောင့် မိမိတို့နိုင်ငံနှင့် သင့်လျော်သည့် ပြည်သူလူထုလိုလားသော စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက် လှမ်းနိုင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက် တပ်မတော်စွမ်းရည်ပြည့်ဝအောင် မိမိတို့ကိုယ်စီ ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း။
ထို့ကြောင့် စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေး မိမိတို့တတ်မြောက် ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ အသုံးချနိုင်သည့်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လျက်ရှိသည့် စစ်အသုံး အဆောင်နှင့် စစ်အတတ်ပညာများကို အသုံးချနိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာ နေရမည်ဖြစ်ကြောင်း၊ လေ့လာသင်ယူထားသော စစ်ပညာရပ်များကို စစ်မြေပြင်တွင် အကျိုးရှိစွာ အသုံးချနိုင်ရန်လိုအပ်ပြီး တစ်ဦးချင်း၏ တိုက်စွမ်းရည်ကို ဟန်ချက်ညီညီ ပေါင်းစပ်ကာ အဖွဲ့အစည်း၏ တိုက်စွမ်းရည်ကို မြှင့်တင်နိုင်ရန်လိုကြောင်း၊ မိမိတို့သည် တပ်မတော်အရာရှိဖြစ်သည်နှင့်အညီ နိုင်ငံ၏သမိုင်းကြောင်း၊ တပ်မတော်၏သမိုင်း ကြောင်းများကို သိရှိအောင် လေ့လာမှတ်သားကြရမည်ဖြစ်ကြောင်း၊ တပ်မတော် သားများအနေဖြင့် ခြေလျင်၊လက်ရုံးခွဲခြားမှုမရှိဘဲ အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်စေ ရေးလေ့ကျင့်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ မိမိအတွက် အကျိုးဖြစ်စေမည့် စာပေအသိပညာဖတ်ရှုလေ့လာခြင်းများကိုလည်း စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုမှုများကို အမြဲမပြတ် ဆောင်ရွက်နေမည် ဆိုပါက လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အထောက်အကူ ပြုမည်ဖြစ်ပြီး မိမိတို့ ဖတ်မှတ်ထားသည်များကို စစ်မြေပြင်တွင် လက်တွေ့အသုံးချ ခြင်းနှင့် ဝေမျှခြင်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ လေ့လာ ဖတ်ရှုခြင်း၊ မှတ်သားခြင်း၊ဆွေးနွေးခြင်း၊ အသုံးချခြင်းများမှတစ်ဆင့် အသိပညာများ ပိုမိုအားကောင်း လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကိုယ်ကျင့်တရားပိုင်းနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ၏ အမြဲလမ်းညွှန် မှာကြားချက်ဖြစ်သည့် သင့် (၄) သင့်ကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင့် (၄) သင့်ဆိုသည်မှာ သွားသင့်သည့် နေရာကိုသွားရန်၊ ပြောဆိုသင့်သည့် စကား ကိုသာပြောဆိုရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန်နှင့် ပေါင်းသင်းသည့် သူကိုသာ ပေါင်းသင်းသွားရန်တို့ဖြစ်ကြောင်း။
နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် နိုင်ငံ့သားကောင်းများ ဖြစ်အောင် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီကျင့်ကြံနေထိုင်ပြီး ခေါင်းဆောင်ကောင်းများ ပီသစွာဖြင့် တပ်ကိုကွပ်ကဲ ဦးဆောင်ကြရန်လိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်း နေထိုင်မှုနှင့်ပတ်သက်၍ မိမိလက်အောက် အရာရှိ၊ စစ်သည်များ စည်းကမ်းစနစ်တကျ ဖြစ်စေရေး ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ လက်အောက်ငယ်သားများအပေါ် တွင်လည်း ကိုယ်ချင်းစာတရားထား၍ စံနမူနာပြအုပ်ချုပ်ရန်လိုကြောင်း၊ လူတိုင်း (၁)ဖြစ်ခွင့် ရှိ သော်လည်း လူတိုင်း (၁)မဖြစ်နိုင်ကြောင်း၊ သို့သော် လုံ့လ ဝီရိယဖြင့် ကြိုးစားလျှင် အောင်မြင်မည်ဖြစ်၍ ဇွဲမလျှော့ဘဲ ကြိုးစားရန်လိုကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက် ချင်းစီ၏ ရည်မှန်းချက်တာဝန်များကို ဆောင်ရွက်ရာတွင် အသိ တရား၊ သတိတရားဖြင့် ထိန်းသိမ်း၍ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင် နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းဝန်း အတွင်းရှိ သင်တန်းသားအိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး သင်တန်း အဆောင်များ အလိုက်စနစ်တကျရှိစေရေး၊ ထိန်းသိမ်းမှု ကောင်းမွန်စေရေး၊ ပျက်စီးဆုံး ရှုံးမှုများ မဖြစ်ပေါ်စေရေးတို့မှာကြားပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း(ဗထူး)ရှိ သုံးထပ်စာသင်ဆောင်၊ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)နှင့် တပ်မတော်(ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းတို့မှ ကျောင်းအုပ်ကြီး နှင့် ဒုတိယကျောင်းအုပ်ကြီးတို့က လေ့ကျင့်သင်ကြားရေး ဆိုင်ရာကိစ္စရပ်များ၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်တို့အား ရှင်းလင်းတင်ပြရာ ရှင်းလင်း တင်ပြမှု များအပေါ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က ဗထူးမြို့သည် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းကျောင်းကြီးများ အခြေပြုရာ သမိုင်း အစဉ်အလာအရ ထူးခြားသည့် တပ်မြို့ဖြစ်ပြီး အဓိကတာဝန်သည် လေ့ကျင့်သင်ကြား ပေးရန်ဖြစ်သည့်အတွက် လေ့ကျင့်သင်ကြား ရေးနှင့်ပတ်သက်၍ ပီပီပြင်ပြင် လက်တွေ့ ကျကျ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ နည်းပြများအနေဖြင့် စစ်ဘက်ဆိုင်ရာ အသိပညာနှင့် အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးရာတွင် စေတနာထား၍ တက်မြောက်သည်အထိ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ မိမိသိသလို၊ တတ်မြောက် သလို၊ ကျွမ်းကျင်သလို သင်တန်းသားများကိုလည်း တတ်သိကျွမ်းကျင်အောင် သင်ကြားပေးရန်လိုကြောင်းမှာကြားပြီး သိရှိလိုသည်များ မေးမြန်းကာ လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


