၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ မေ ၂၇

Wednesday, May 27, 2026 - 16:45

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိ စနေ၊ တနင်္ဂနွေအပါအဝင်ပိတ်ရက်မရှိ သတ်မှတ်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို မေ ၂၅ ရက်နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်ဆက်လက်အပ်နှံဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများ နှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီး ဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများအား တစ်ပါတည်း ပေးအပ်ကြ သည်။

ယင်းသို့ ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်နေသည့် ဆရာ၊ဆရာမများနှင့် ကျောင်းများ၏ လုံခြုံရေး၊ လာရောက် ကျောင်း အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

ထိုကဲ့သို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနေမှုများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်း မှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံ ရာတွင် မူလတန်းအဆင့်အ တွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်း တမ်းပုံနှိပ် စာအုပ်တစ်စုံ၊ ဗလာ စာအုပ် တစ်ဒါဇင်၊ ခဲတံ(၂) ချောင်းနှင့် ဘောပင် (၂) ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးအပ်သွားမည့်အပြင်  အခြေခံပညာ ကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ် သောကြောင့်ကျောင်းဝင် ကြေးနှင့် အခြားမည်သည့် အခကြေးငွေ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံ နိုင်ကြောင်း သိရှိရသည်။

ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများ၊ တက်ရောက်ပညာ သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။         ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံရေး သတင်းပတ်ကတော့ မေလ (၂၅) ရက်ကနေ မေလ (၃၁) ရက်နေ့ထိ လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီနေ့ ဆိုရင် ကျွန်မတို့ကျောင်းရဲ့ School Family တွေကို ကျောင်းအပ်လက်ခံနေတဲ့ အချိန်ကာလလေးလည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်မတို့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ဒီနှစ်မှာတော့ အထူး Placement Test ကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ အထူး Placement Test မှာ ကျွန်မတို့က ဘယ်လိုအနေအထားကို ဆောင်ရွက်လည်းဆိုတော့ အသက် အရွယ်အလိုက် Grade-2 ကနေ Grade-9 အထိ ကျောင်းသား/ကျောင်းသူတွေကို အသက်အ ရွယ်အလိုက် လိုအပ်ချက်တွေကို တောင်းခံပြီးတော့ Placement Test တွေကို ဆောင်ရွက်ပေး သွားပါတယ်။ ပုံမှန်ဆိုရင်တော့ ပညာရေးဝန်ကြီးဌာနက International School တွေကနေ အစိုးရကျောင်း Government School တွေကို ပြောင်းမယ့် ကျောင်းသား/ကျောင်းသူတွေကိုပဲ Placement Test ဆောင်ရွက်ခဲ့တာပါ။ ဒီပညာသင်နှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့်မှာ အလှမ်းဝေးနေတဲ့ ကလေးတွေကို ကျွန်မတို့ ကျောင်းမှာပြန်ပြီး  ပညာသင်ခွင့်ရအောင် ဆောင်ရွက်ပေးထားပါတယ်။ ကျွန်မတို့ကျောင်းမှာ တော့ အလယ်တန်းနဲ့ အထက်တန်းရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ကျောင်းရဲ့ ကျောင်း သား/ကျောင်းသူ များကတော့ ဗလာစာအုပ်ရတယ်။ ပုံနှိပ်စာအုပ်ရတယ်။ ခဲတံရတယ်။ ဘောပင်ရတယ်။ ဒါကျွန်မတို့ ဝန်ကြီးဌာနက အခမဲ့ထောက်ပံ့တဲ့ ပစ္စည်းအနေအထားပါ။ ကျွန်မတို့ ကျောင်းအပ်နှံရေး သတင်းပတ် မတိုင်ခင်မှာတော့ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးရဲ့ ဦးဆောင်မှုနဲ့အတူ ကျွန်မတို့မြို့နယ်စည်ပင်၊ ထွေအုပ် စတဲ့အဖွဲ့အစည်းများက ဦးဆောင်ပြီးတော့ ကျွန်မတို့ ကျောင်းနဲ့ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းတွင်း‌ ပေါင်းမြက်ရှင်း လင်းရေး လုပ်ငန်းစဉ်တွေကို အပတ်စဉ် စနေနေ့မှာ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။

၂။       မေလ (၂၅) ရက်နေ့ကနေ မေလ (၃၁) ရက်နေ့အထိကို ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် သတ်မှတ်ပြီးတော့ ကျောင်းသား/ကျောင်းသူတွေကို ကျောင်းအပ်နှံတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာတော့ ကျောင်းသားဦးရေ ၂၀၃၄ ဦး ပညာသင်ကြားခဲ့ပါတယ်။ လက်ရှိ ပညာ သင်နှစ်မှာလည်း အပ်နှံထားတဲ့ ကျောင်းသားဦးရေက ယနေ့အထိဆိုရင် ကျောင်းသားဦးရေ ၁၃၀၅ ယောက်အထိရှိပါပြီ။ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းဖြစ်တဲ့အတွက် အခြေခံပညာဘက်မှာ ကျောင်းအပ်နှံတာရှိသလို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတွက်လည်း ကျောင်းသား/ကျောင်းသူတွေ အပ်နှံထားပါတယ်။ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတွက်ဆိုရင် ဒီနှစ်မှာ ကျောင်းသားဦးရေ ၁၇၀ လောက်လာပြီး ကျောင်း အပ်နှံထားပြီးဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်များနဲ့အညီ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွေကို တည်ထောင်ဖွင့်လှစ် ထားထာဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံတော်အကြီးရဲ့ စေတနာနဲ့ မေတ္တာ တရားတွေကို ပေါ်လွင်ထင်ရှားအောင် ကျွန်တော်တို့ ကျောင်းတွေအနေနဲ့လည်း အားသွန်ခွန် စိုက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ နဲ့ ပူးပေါင်းပြီးတော့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်တွေနဲ့အတူ ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်လို့ ပြောကြားချင်ပါတယ်။