အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)မှ သင်တန်းသားများ ရန်ကုန်မြို့အတွင်း လေ့လာရေးများ ဆက်လက်ဆောင်ရွက် နေပြည်တော် မေ ၂၇

Wednesday, May 27, 2026 - 16:30

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)မှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် ရန်ကုန်စစ်ကြော ရေးနှင့်တည်းခို ရေးစခန်းတွင် တည်းခိုနေထိုင်၍ ရန်ကုန်မြို့အတွင်း လေ့လာရေးခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြော်ခြင်းနှင့် ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက် (ရန်ကုန်)သို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ကြသည်။

နံနက်ပိုင်းတွင် လေကြောင်းလူငယ်သင်တန်းသားများသည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ခဲ့ကြရာ ရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် တာဝန်ရှိသူများက စေတီတော်မြတ်ကြီး၏သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓစွယ်တော်ပွားတို့အား လှည့်လည် ဖူးမြော် ကြည်ညိုခဲ့ကြပြီး ဗုဒ္ဓပြတိုက်နှင့် ဓာတ်ပုံပြခန်းတို့အား ကြည့်ရှုလေ့လာခြင်း၊ ရှေးဟောင်း ကြေးဆင်း တုတော်များ၊ ခေတ်အဆက်ဆက်ဗိသုကာလက်ရာများ၊ တန်ဆောင်းအတွင်းရှိ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝ ခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်များ၌ ထုဆစ်ကိုးကွယ်ခဲ့ကြသော ဗုဒ္ဓ ရုပ်ပွားတော်များအား လေ့လာဖူးမြော်ခြင်းများဆောင်ရွက်ကြသည်။ ယင်းနောက် လေကြောင်း လူငယ် သင်တန်းသားများက စုပေါင်းအလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

မွန်းလွဲပိုင်းတွင် လေကြောင်းလူငယ်သင်တန်းသားများသည် ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက် (ရန်ကုန်)သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများကကြိုဆိုကြသည်။ ထို့နောက် သင်တန်းသားများသည် အာကာသပြတိုက်အတွင်းရှိ GOTO Planetarium Analog Projection System အား လေ့လာခြင်း၊ Deep Space Exploration ပြခန်း၊  Space Station ပြခန်း၊ ခရုပတ်ပုံစံ ပြခန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ အာကာသအတွင်းသို့ ခေတ် အဆက်ဆက် လွှတ်တင်ခဲ့ကြသည့် ဒုံးပျံများနှင့် အာကာသယာဉ်ပုံစံငယ်များ၊ အာကာသအတွင်း လှည့်ပတ်သွားလာလျက် ရှိသည့် ဂြိုဟ်တုပုံစံငယ်များ၊ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ဒုံးပျံလွှတ်တင်မှု သရုပ်ပြသမှုများ၊ Reentry Capsule အာကာသယာဉ်ပုံစံနှင့် VR Simulator ပုံစံတို့အား လှည့်လည် ကြည့်ရှုခြင်းများ ဆောင်ရွက်ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ ယင်းနောက် PLANE-TARIUM ROOM ပင်မပြခန်းဆောင်တွင် သိပ္ပံပညာနှင့် အာကာသဆိုင်ရာ ရှာဖွေတွေ့ရှိချက်များစွာကို အသက်ဝင်လှုပ်ရှားနေသည့် ပြကွင်းပြကွက်များဖြင့်ပြသခဲ့ရာ သင်တန်းသားများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။