၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု စတင်ဆောင်ရွက် ‌နေပြည်တော်၊ ၂၀၂၆ခုနှစ်၊  မေ ၂၅

Wednesday, May 27, 2026 - 08:15

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် ယနေ့မှ မေ ၃၁ ရက်အထိ စနေ၊တနင်္ဂနွေအပါအဝင်ပိတ်ရက်မရှိ သတ်မှတ်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာ ကျောင်းအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမ များက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူ များအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေး ကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများအား တစ်ပါတည်း ပေးအပ်ကြသည်။

ယင်းသို့ ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်နေသည့် ဆရာ၊ဆရာမများနှင့် ကျောင်းများ ၏ လုံခြုံရေး၊ လာရောက်ကျောင်း အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ များ၏ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူ များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနေမှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်းတမ်းပုံနှိပ် စာအုပ်တစ်စုံ၊ ဗလာ စာအုပ် တစ်ဒါဇင်၊ ခဲတံ(၂) ချောင်းနှင့် ဘောပင် (၂) ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးအပ်သွားမည့်အပြင်  အခြေခံပညာ ကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ် သောကြောင့်ကျောင်းဝင်ကြေးနှင့် အခြားမည်သည့် ကြေးမျှပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံ နိုင်ကြောင်းသိရှိရသည်။

ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများ၊ တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။      အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း မရမ်းကုန်း အနေနဲ့ စာရင်းဇယားတွေ ပြုစုတဲ့နေရာမှာ အဆင်ပြေဖို့အတွက် ကျောင်းသားသစ်နဲ့ ကျောင်းသားဟောင်းကိုလည်း ကျွန်မတို့က ရက်နည်းနည်းခွဲပြီး လက်ခံပါတယ်။ ကျောင်းသားအဟောင်းများကတော့ မေလ (၂၅)ရက်ကနေ မေလ(၃၁)ရက်နေ့အထိပေါ့။ ကျောင်းသားအသစ်များကတော့ မေလ (၂၈)ရက်ကနေပြီးတော့ မေလ (၃၁)ရက်နေ့အထိကို အသီးသီးကျောင်းအပ်လက်ခံသွားမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအနေနဲ့ ကျောင်းကို ယုံကြည်စိတ်ချစွာနဲ့ အပ်နှံပြီးတော့ ပညာသင်ကြားနိုင်ပြီဆိုတဲ့ အကြောင်းလေးကိုလည်း ပြောကြားချင်ပါတယ်။

၂။      ကျောင်းအပ်လက်ခံနေတဲ့ အချိန်မှာ Grade-7 ကို အမေနဲ့အတူတူ ကျောင်းလာအပ် တာဖြစ်ပါတယ်။ ကျောင်းကနေပြီးတော့ ထောက်ပံ့တဲ့ ပစ္စည်းတွေက ဗလာစာအုပ်၊ ပုံနှိပ်စာ အုပ်၊ ခဲတံ၊ ဘောပင် အဲ့ဒါတွေပေးပါတယ်။ ကျောင်းလာမအပ်သေးတဲ့ သူငယ်ချင်းတွေကို လည်း အမြန်ဆုံး ကျောင်းလာအပ်ဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။ အခုလိုမျိုး အေးအေး ချမ်းချမ်းနဲ့ ပညာသင်ကြားရတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေကိုလည်း ကျေးဇူး တင်ပါတယ် ခင်ဗျ။

၃။      ပညာရေးဝန်ကြီးဌာနကနေ မူလတန်းအဆင့် KG ကနေပြီး Grade-5 အထိကို ဗလာစာ အုပ်ရယ်၊ ခဲတံရယ်၊ ပုံနှိပ်ရယ် အဝတ်အစားရယ် ထောက်ပံ့ပေးပါတယ်။ အလယ်တန်းတွေနဲ့ အထက်တန်းကိုကျတော့ ဗလာစာအုပ်ရယ်၊ ပုံနှိပ်ရယ်၊ ဘောပင်ရယ် ထောက်ပံ့ပါတယ်ရှင်။ ကလေးတွေကိုလည်း ကျောင်းလာအပ်ဖို့အတွက် ဆရာမတစ်ယောက်အနေနဲ့ ဖိတ်ခေါ်ချင်ပါ တယ်ရှင်။ အခုလို ကျောင်းသူ၊ ကျောင်းသားတွေ အေးအေးချမ်းချမ်းနဲ့ ပညာဆက်လက် သင်ယူဖို့အတွက် ကူညီထောက်ပံ့ပေးတဲ့ ပညာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်အကြီးအကဲ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။