ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ် နေပြည်တော်၊  ၂၀၂၆ မေ ၂၅

Wednesday, May 27, 2026 - 08:15

                နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်း အသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၂၅) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်း များအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။

                အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၂၅)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြ သည်။

                ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင် အာဏာတည်စေခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့ သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။

                ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅)မှ  နိုင်ငံ့ သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဂုဏ်ယူ စွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများ ကိုလည်း ယခုလိုပဲ ကြားသိရပါတယ် ----

၁။            ယုံကြည်ချက်ကတော့ ကျွန်တော်ကိုယ်တိုင်ရော နိုင်ငံအတွက်ရော ကျွန်တော်တို့ မိသားစုအတွက်ရော သူငယ်ချင်းတွေ အတွက်ရော အားလုံးအတွက် ကျွန်တော်တို့ ရှေ့ကနေ လုပ်ဆောင်သွားမှသာ နောက်ကညီအစ်ကိုများအားလုံး လိုက်ပါဆောင်ရွက်နိုင်မယ်လို့ ယုံ ကြည်ချက်နဲ့ ဒီသင်တန်းကို တက်ရောက်ရခြင်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်း လိုက်တဲ့ အတွက် ကောင်းပါတယ်။ နိုင်ငံသားတိုင်းကို လူငယ်တိုင်းလိုလို ပြည်သူ့စစ်မှုထမ်းကို တက်သိထားသင့်တယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ရော နောက်က ညီအစ်ကို မှန်သမျှကို အကုန်လုံး ပြည်သူ့စစ်မှုထမ်း နှစ်နှစ်တာကာလအတွင်းကို ကျေပွန်စွာ ထမ်းဆောင်သွားမယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ကျွန်တော့်ရဲ့ မိသားစုကတော့ ဒီနှစ်နှစ်တာ ကာလ အတွင်းကို ကျေပွန်စွာ ထမ်းဆောင်ဖို့အတွက်ကို တိုက်တွန်းပေးခဲ့ပါတယ်။ ကျွန်တော့် ကိုယ် ကျွန်တော် ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်အတွက်ကို ထမ်းဆောင်ရမယ့် နှစ်နှစ်တာ ကာ လအတွင်းမှာ နိုင်ငံတော်က ပေးတဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ်လို့ ယုံကြည် ချက်ထားပါတယ်။ သင်တန်းပြီးဆုံးလို့ မိခင်တပ်ရောက်တဲ့အခါ အထက်ကပေးအပ်တဲ့ အမိန့် တွေရော နိုင်ငံတော်က ပေးအပ်တဲ့အမိန့်တွေရော တာဝန်ကျေပွန်စွာ ထမ်းဆောင်ပါ့မယ်လို့ ယုံကြည်ချက်ထားပါတယ်။

၂။             ကောင်းတယ်လို့တော့ ထင်မြင်ပါတယ်။ စစ်မှုထမ်း ကျွန်တော်တို့ ယောက်ျား လေးတွေအတွက် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ပိုကောင်းသွားတာပေါ့။ ကျွန်တော် ဝါသနာပါတာကြောင့်ရယ်၊ ကျွန်တော် အတင်းဝင်ချင်တာကြောင့် သူတို့ကို ခွင့်ပြု တောင်းဆို ပြီးတော့မှ ဒီကို လာရောက်တက်ရောက်ခြင်းဖြစ်ပါတယ်။ နောက်ထပ်လာရောက် တက်ရောက်မယ့် သူတွေအတွက်လည်း စိတ်အားမငယ်ပါနဲ့။ ဒီရောက်လို့ရှိရင် ဆရာတွေနဲ့ အဆင်ပြေအောင်ပေါင်းသင်းပြီးတော့ အခက်အခဲတွေလည်း အကုန်အတူတူ ကျော်လွှား ကြပါ။

၃။            နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတာဝန်ကို ကျေပွန်ချင်လို့ ဒီသင်တန်းကို လာရောက် တက်ရောက်ခြင်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းကို ထမ်းဆောင်ရတော့မယ်ဆို တော့ ကျွန်တော်လည်း ဂုဏ်ယူမိပါတယ်။ ဒီမှာ စိတ်လည်းအရမ်းလှုပ်ရှားပါတယ်။ တပ်မတော်သားတွေမှာ ကျင့်ဝတ် (၆၀) ရှိတယ်လို့ ကြားဖူးပါတယ်။ အဲ့ဒီကျင့်ဝတ် (၆၀) က ဘာတွေလဲဆိုတာ ကျွန်တော်သေချာသင်ယူချင်ပါတယ်။ အပြင်မှာတုန်းက သွားချင်သလို သွား စားချင်သလိုစား ဒီထဲကို ရောက်ပြီးတဲ့နောက်မှာတော့ စားချိန်တန် စားရတယ်။ အိပ်ချိန်တန် အိပ်ရတယ်။ အကုန်လုံးက စည်းစနစ်တကျနဲ့ သွားရတာဆိုတော့ လူငယ်တွေ အတွက် အကျိုးရှိမယ် ထင်ပါတယ်။