၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ မေ ၂၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိ စနေ၊ တနင်္ဂနွေအပါအဝင်ပိတ်ရက်မရှိ သတ်မှတ်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာ ကျောင်းအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို မေ ၂၅ရက်နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်ဆက်လက်အပ်နှံဆောင်ရွက်လျက်ရှိကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများ နှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီး ဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများအား တစ်ပါတည်း ပေးအပ်ကြ သည်။
ယင်းသို့ ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်နေသည့် ဆရာ၊ဆရာမများနှင့် ကျောင်းများ၏ လုံခြုံရေး၊ လာရောက် ကျောင်း အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
ထိုကဲ့သို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံ ရာတွင် မူလတန်းအဆင့်အ တွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်းတမ်းပုံနှိပ် စာအုပ်တစ်စုံ၊ ဗလာ စာအုပ် တစ်ဒါဇင်၊ ခဲတံ(၂) ချောင်းနှင့် ဘောပင် (၂) ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးအပ်သွားမည့်အပြင် အခြေခံပညာ ကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ် သောကြောင့်ကျောင်းဝင် ကြေးနှင့် အခြားမည်သည့် ကြေးမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံ နိုင်ကြောင်း သိရှိရသည်။
ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများ၊ တက်ရောက်ပညာ သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ နေပြည်တော် ရွာတော် မင်္ဂလာဈေးဝန်းကနေ(၅)တန်း သမီးလေးကို လာပြီးတော့ ကျောင်းအပ်ခြင်းဖြစ်ပါတယ်။ ဒီကျောင်းကို အပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းပညာ ရေးကလည်း ကောင်းပါတယ်။ စာသင်ကြားမှုကလည်း ကောင်းပါတယ်။ ကလေးတွေရဲ့ လေ့ လာမှုအားကောင်းနိုင်အောင်လို့ ဆရာမတွေရဲ့ အထောက်အပံ့တွေလည်း အများကြီး ပေးတာ ကို တွေ့ရပါတယ်။ ကျောင်းအပ်တဲ့ အပေါ်မှာတော့ အားလုံးအေးအေးဆေးဆေး နွေးနွေးထွေး ထွေး ရှိသလိုမျိုးပဲ ကျောင်းကိုလာပြီးတော့ အပ်ရတဲ့ အပေါ်မှာလည်း အားလုံးအဆင်ပြေပါ တယ်။ အခက်အခဲ တစ်ခုမှ မတွေ့ပါဘူး။ ကျောင်းက ထောက်ပံ့မှုတွေ အားလုံးကလည်း မနှစ် ကလည်း အပြည့်အစုံရသလို ဒီနှစ်လည်း အပြည့်အစုံရတာ တွေ့ရပါတယ်။ စာအုပ်တွေလည်း ရပါတယ်။ ခဲတံတွေလည်း ရပါတယ်။ ပုံနှိပ်ဖတ် စာအုပ် တွေလည်း ရပါတယ်။ ကျောင်းဝတ်စုံ တွေလည်း ပေးပါတယ်။
၂။ သူငယ်ချင်းတွေလည်း အများကြီးနဲ့လည်း ကျောင်းတတ်ရတယ်။ ပြီးရင် အတူတူ က စားရတာတွေလည်း အရမ်းပျော်ပါတယ်။ စာသင်ရတာတွေလည်း အရမ်းပျော်ပါတယ်။ ကျောင်းလာတဲ့ အခါမှာ စာသင်ရမယ်။ GRADE-(6) ဖတ်စာအုပ်တွေနဲ့ ဗလာစာအုပ်တွေရယ်၊ ခဲတံတွေရယ်၊ ဘောပင်တွေရယ်ကို ရပါတယ်။ သမီးရဲ့ အနာဂါတ် ရည်မှန်းချက်ကတော့ အင် ဂျင်နီယာဖြစ်ပါတယ်။
၃။ ကျောင်းကို အလွယ်တကူ အပ်လို့ရအောင်ဆိုလို့ရှိရင် စာရင်းဇယားတွေ ဆိုလို့ရှိရင် သေချာ LIST လုပ်ထားတယ်။ မနှစ်က GRADE-(1) မှာဆိုလို့ရှိရင်လည်း GRADE-(1) မှာ အောင်ခဲ့တဲ့ အောင်စာရင်းတွေကို GRADE-(2) ဘက်ကို ကယ်ရီသယ်လာပြီးတော့မှ စနစ်တကျ ဖြစ်သွားအောင် အလွယ်တကူလည်း စာရင်းသွင်းလို့ရအောင် သေချာလေးတွေ ပြုလုပ်ပေး ထားပါတယ်။ ကွာခြားချက်ကတော့ သိပ်မရှိပါဘူး။ ဘာလို့လဲဆိုရင် မနှစ်ကလည်း ပုံနှိပ်၊ ရေးစာအုပ်၊ ခဲတံ၊ ဝတ်စုံတွေ ထောက်ပံ့သလိုပဲ ဒီနှစ်မှာလည်း ယခင်နှစ်ကလိုပဲ ခဲတံ၊ ဗလာစာအုပ် အဲဒါတွေကို အခမဲ့ ထောက်ပံ့ပေးပါတယ်။









