ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည်များကို သင်ခန်းစာယူ၍ ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက် လာစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်
နေပြည်တော်၊ မေ - ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြ သည်။
နိုင်ငံတော်တွင် နိုင်ငံရေးအရ ခေတ်အဆက်ဆက်ဖြစ်ပေါ်ပြောင်းလဲမှုများ
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရ အနေဖြင့် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့သည်မှာ တစ်လခွဲကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို ပြန်လည် သုံးသပ်ကြည့်ရမည်ဆိုပါက လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့အထိ ပြည်တွင်းနိုင်ငံရေး အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေများနှင့် ချိန်ထိုးသုံးသပ်ရမည်ဖြစ် ကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ မတည် ငြိမ်မှုများနှင့် ပြည်ပကျူးကျော်မှုများကိုလည်း ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားနည်းချက်ကြောင့် ပြည်နယ်များခွဲထွက်ခွင့် များဖြစ်ပေါ်လာရာမှ နိုင်ငံရေးပဋိပက္ခများပိုမိုကြီးမားလာခဲ့ခြင်း၊ အာဏာရပါတီ အတွင်း အုပ်စုကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ တည်ငြိမ်မှု၊ လုံခြုံရေး အရတည်ငြိမ်မှုများမရှိခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရက တာဝန်ယူခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံ့တာဝန်ကို ထမ်းဆောင် ခဲ့ရကြောင်း။
ယင်းအချိန်တွင် နိုင်ငံရေးဦးဆောင်သူများ၊ လူငယ်များ၊ တပ်မတော်မှ တာဝန်ရှိ သူများအားလုံးတွင် ဆိုရှယ်လစ်နှင့် ပတ်သက်သည့်အသိများရှိထားကြသည့် အချိန်ဖြစ် ပြီး ဒီမိုကရေစီစနစ်၊ အရင်းရှင်စနစ်၊ လစ်ဘရယ်စနစ်တို့နှင့် ဆိုရှယ်လစ်စနစ်တို့ အား ပြိုင်နေသည့်အခြေအနေဖြစ်ကြောင်း၊ ထို့နောက် ဒီမိုကရေစီစနစ်၊ အရင်းရှင်စနစ်၊ လစ်ဘရယ်စနစ်ကို ကြိုက်သည့်သူများအနေဖြင့် နိုင်ငံရေး ထွက်ပေါက်မရှိသဖြင့် ဆူပူ ဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့ကြောင်း၊ အာဏာရပါတီအတွင်း၌လည်း စီးပွားရေးနှင့်ပတ် သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး တစ်ချိန်တည်းတွင် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများလည်း ပိုမိုကြီးထွားလာခဲ့ကြောင်း။
ထိုအချိန်တွင် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့်ဆက်ဆံ ရေးတွင် ကောင်းမွန်ခဲ့သည်ကိုတွေ့ရပြီး ကုလသမဂ္ဂတွင်တာဝန်ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်များလည်း ပေါ်ပေါက်လာခဲ့ကြောင်း၊ သို့သော် တရုတ်ဖြူကျူးကျော်မှု ဖြစ်ပွားချိန်တွင် အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ SEATO အဖွဲ့ပေါ်ပေါက်လာချိန် တွင် ပြည်ထောင်စုကြီးမှခွဲထွက်လိုသည့် တိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း အဆိုပါအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက် ၍ ဖိအားများရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ဆိုရှယ်လစ်စနစ်ကို မကျင့်သုံးနိုင်စေရေး အနှောင့်အယှက်ပေးမှုများရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးရာတွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုအချိန်တွင် ကမ္ဘာပေါ်၌ နိုင်ငံရေးလမ်းစဉ်များနှင့် ပတ်သက်၍ အားပြိုင်မှုများပြင်းထန်နေသည့်အချိန်ဖြစ်ကြောင်း။
ယင်းနောက် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်ဆောင်ရွက်ချိန်တွင် NGO ၊ INGO များ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ပြည်ပနိုင်ငံများမှ အထောက် အပံ့များရယူခဲ့ကြောင်း၊ ထိုအချိန်တွင် ဒီမိုကရေစီစနစ်ကိုလိုလားသည့် နိုင်ငံများက မိမိ တို့နိုင်ငံကို ကူညီဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုအချိန်ကတည်းက မိမိတို့နိုင်ငံသည် ပညာရေးအရ အားနည်းချက်များရှိခဲ့သည်ကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ တွေ့ရှိ နိုင်ကြောင်း၊ အဆိုပါအားနည်းချက်ပေါ်တွင် အခွင့်ကောင်းယူ၍ NGO ၊ INGO အဖွဲ့ အစည်းများက အစိုးရအပေါ်မကောင်းမြင်စေရန်နှင့် အစိုးရအပေါ် ဆန့်ကျင်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့ကြကြောင်း၊ ဖွံ့ဖြိုးမှုအားနည်းမှု ကြောင့် ပြည်ပအကူအညီများရရှိရန် LDC နိုင်ငံအဖြစ်သို့ လျှောက်ထားခဲ့မှုအပေါ် နိုင်ငံတော်အပေါ် ယုံကြည်မှုအားနည်းစေခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံ့စီးပွားရေးမှာကျဆင်းလာခြင်း၊ စီမံခန့်ခွဲမှုလွဲမှားမှုများဖြစ်ပေါ်ခြင်း၊ ပြည်သူလူထု ၏ လူမှုစီးပွားဘဝ အခက်အခဲများဖြစ်ပေါ်ခဲ့ရပြီး ငွေစက္ကူတရားမဝင်ကြေညာမှုများ ဖြစ်ပေါ်ခြင်းတို့ကြောင့် အရေးအခင်းဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ကိုတွေ့ရှိရကြောင်း။
အဆိုပါအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်မဖြစ်သေးကြောင်း၊ မိမိတို့နိုင်ငံအပေါ် အချို့အင်အားကြီးနိုင်ငံများက ၎င်းတို့အလိုကျဖြစ်အောင် ဆောင် ရွက်ခဲ့ကြသည်များလည်းရှိသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂညီလာခံပုံမှန် တက်ရောက်ခဲ့သော်လည်း နိုင်ငံတကာရေးရာနှင့် ကုလ သမဂ္ဂနယ်ပယ်များတွင် ပါဝင်မှုနည်းပါးခဲ့သည်ကို တွေ့ရှိနိုင်ကြောင်း။
ထိုအချိန်တွင် စီးပွားရေးကျဆင်းခြင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်း ကြောင့်နိုင်ငံတကာမှ အထင်အမြင်သေးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံ၏ GDP မှာ လည်း များစွာနည်းပါးခဲ့ပြီး ကုန်ထုတ်လုပ်မှုများလည်း များစွာနည်းပါးခဲ့ကြောင်း၊ သယံဇာတများထုတ်ယူရောင်းပြီး တိုင်းပြည်စီးပွားရေးကို ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရန် နဝတခေတ်တွင် အမျိုးသားညီလာခံကိုကျင်းပပြုလုပ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရကြောင်း၊ နယကခေတ်တွင် အမျိုးသားညီလာခံကို ပြန်လည်ကျင်းပပြုလုပ်ပြီး ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ကြောင်း။
တပ်မတော်အနေဖြင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးကိုဆောင်ရွက်ခဲ့ကာ နှစ်ဘက်သဘောတူညီ ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိုဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်သည် နိုင်ငံ ရေးအရ၊ စီးပွားရေးအရ အဘက်ဘက်မှ ကြပ်တည်းခဲ့သည့်ကာလဖြစ်ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက် ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပကာ တပ်မတော်အနေ ဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီ ပထမအစိုးရသက်တမ်း ကာလ တွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်အသားကျနိုင်ရေးလိုအပ်သည့်ပြုပြင် ပြောင်းလဲမှု များကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းချိန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင် ဆောင်ရွက်ပေးခဲ့သည့်အတွက် NLD ပါတီအနေဖြင့် နိုင်ငံရေးတွင်ပါဝင် လာခဲ့ကြောင်း၊ နိုင်ငံတော်ကို ခြယ်လှယ်ချုပ်ကိုင်လိုသည့် အနောက်အင်အားကြီး နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်တွင် တည်ငြိမ်မှုမရှိစေရေး အတိတ်ဖြစ်ရပ်များဖြင့် ပြန်လည်လှုံ့ဆော်၍ ၎င်းတို့လိုသလို ပုံသွင်းနိုင်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေး ဦးတည်ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုအချိန်တွင် NGO ၊ INGO အဖွဲ့များအနေဖြင့် နိုင်ငံရေးတွင်ပါဝင်ပတ်သက်လာခဲ့ပြီး မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကာလတွင်လည်း ပြည်ပနိုင်ငံများမှ ၎င်းတို့၏ သဘောဆန္ဒများကို ဖော် ဆောင်ပေးနိုင်သည့်ပါတီကို နည်းလမ်းပေါင်းစုံဖြင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မိမိတို့ တာဝန်ယူချိန်တွင် NGO ၊ INGO အဖွဲ့များအနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပတ်သက်၍ ပါဝင်လာခဲ့မှုများ ရှိကြောင်း၊ ယခုကဲ့သို့ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားရခြင်းသည် မိမိတို့နိုင်ငံဖြတ်သန်းခဲ့သည့် ဖြစ်စဉ်များတွင်ရင်ဆိုင်နေရသည့် ပြဿနာများကို ပြောကြားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများကို ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် သတိချပ်ကြစေလိုကြောင်း။
မိမိတို့အနေဖြင့် အတိတ်တွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်တွင် သင် ခန်းစာယူ၍ နောင်အနာဂတ်တွင် ထိုကဲ့သို့သောဖြစ်ရပ်မျိုး ဖြစ်ပေါ်လာခြင်းမရှိစေရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရတည်ငြိမ်အေးချမ်း အောင်ဆောင်ရွက်ရမည်၊ စီးပွားရေးအရ အားကောင်းအောင်ဆောင်ရွက်ရမည်၊ လုံခြုံ ရေးအရ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံတကာဆက်ဆံရေး
နိုင်ငံတကာဆက်ဆံရေးအနေဖြင့်လည်း ကောင်းမွန်မှုရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည် ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံ တကာနှင့်ဆက်ဆံဆောင်ရွက်ရသည့်အခါ၌ မိမိတို့နိုင်ငံအတွက် အကျိုးရှိစေမည့် ပြော ဆို ဆက်ဆံမှုများဖြစ်စေရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ ပါတီစုံဒီမို ကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်ရွက်သွားမည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုရအောင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကိုပေးသည့်ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေး သည့် ဖက်ဒရယ်မဟုတ်သည်ကိုလည်း သိရှိနားလည်နိုင်ကြရန်လိုကြောင်း၊ အမျိုးသား ရေးတွင် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက် နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ အမှန်တကယ်အလုပ် လုပ် ကိုင်နိုင်စေရေး၊ လုပ်တတ်ကိုင်တတ်စေရေး ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ ဗဟို အစိုးရမှ ဖန်တီးပေးရမည်များရှိသကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ ဖော် ဆောင်ပေးရမည်များလည်းရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျင် ၎င်းတို့ အနေဖြင့် ဝင်ငွေကောင်းလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံတော်အစိုးရအပေါ်တွင်လည်း ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း။
နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက အမြင်ကျယ်စွာဖြင့် ကျယ်ကျယ် ပြန့်ပြန့်တွေးခေါ်ဆောင်ရွက်
လုံခြုံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူခဲ့သည့်အချိန် တွင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများကိုဆောင်ရွက် သွားနိုင် ရေးအတွက် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်၌ EAO အဖွဲ့အချို့နှင့်အောက်ခြေ အဆင့် များတွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုများကြောင့် ဖြစ်ပေါ် လာသည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် ကျေနပ်လက်ခံနိုင်မှုမရှိခြင်းကြောင့် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါအခြေအနေသို့ ရောက်ရှိလာခြင်း သည် မိမိတို့ နိုင်ငံ၏ ပညာရေးအားနည်းချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ် ဆောင်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ ပညာရေးကို မဖြစ်မနေ ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရမည်ဟု အကြိမ်ပေါင်း များစွာ ပြောဆိုဆောင်ရွက်နေရ ခြင်းဖြစ်ကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိ ရန်လည်း လိုအပ်မည်ဖြစ်သဖြင့် လာမည့် ၅ နှစ် တာကာလအတွင်း ထာဝရငြိမ်းချမ်း ရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် မည်ကဲ့သို့ပင် ဖိတ်ခေါ်ကမ်းလှမ်း နေသည်ဖြစ်စေ လက်နက်ကိုင် အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူ လိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် လိုစိတ်ရှိရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ လုံခြုံရေး အရ၊ စီးပွားရေးအရ အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိသည်ကို အလေးထား၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာ များ၊ ခေတ်စနစ် အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာ မျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သွား နိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက အမြင်ကျယ်စွာဖြင့် ကျယ်ကျယ် ပြန့်ပြန့်တွေးခေါ် ဆောင်ရွက်ကြရန် အလေးထား မှာကြားလိုကြောင်း။
မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ဗဟိုအစိုးရ၏လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်များအလိုက်လုပ်ပိုင်ခွင့်များကိုပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်း ဆိုင် ရာများအရ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့်ကိစ္စရပ်များကို ဆောင်ရွက်သွားကြရန်လိုပြီး ယခု ၆ လအတွင်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သဟဇာတဖြစ်ရန်လိုပြီး ပြီးမြောက်အောင်မြင်တိုးတက်အောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပြည်ထောင်စုအဆင့်အနေဖြင့် ကိုယ်တိုင်အကောင်အထည်ဖော်ဆောင် ရသည်မဟုတ်သော်လည်း မည်ကဲ့သို့ဆောင်ရွက်ရမည်ကို နည်းလမ်းပြပေးခြင်း၊ စီမံကြီးကြပ်ခြင်းတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြောင်း။
မိမိတို့နိုင်ငံတွင် အလုပ်လုပ်ကိုင်ကြမည့် လုပ်နိုင်ကိုင်နိုင်သည့် အသက်အပိုင်း အခြားရှိသည့် လူဦးရေနှုန်းထားအနေဖြင့် လျော့နည်းကျဆင်းလာသည်ကို တွေ့မြင်ရ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း အလုပ်သမား ရှားပါးမှုပြဿနာကို ကြုံတွေ့ရလျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ် အကိုင်ရှိသည့်နေရာများသို့ သွားရောက်နေကြသူများရှိသည်ဟုလည်း ပြောဆိုကြ ကြောင်း၊ မိမိတို့နိုင်ငံအတွင်း၌ လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရေမြေသယံဇာတနှင့် အခြေခံကောင်းများရှိပြီးဖြစ်သော်လည်း အမှန်တကယ်အလုပ်လုပ်နိုင်မှု အားနည်းကြ သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေခြင်းဖြစ်သည်ဟုတွေ့မြင်ရ ကြောင်း၊ နိုင်ငံ၏ အဓိကလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ကျွမ်း ကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များ များစွာလိုအပ်နေဆဲဖြစ် ကြောင်း၊ ကျွမ်းကျင်သည့်လုပ်ငန်းများကို လုပ်ကိုင်မှုမရှိဘဲ ကျဘမ်းအလုပ်များ လုပ် ကိုင်ကြခြင်း၊ တရားမဝင်သယံဇာတထုတ်ယူခြင်းလုပ်ငန်းများတွင် လုပ်ကိုင်ခြင်း၊ ပြည် ပနိုင်ငံများသို့ သွားရောက်၍ လုပ်သားအဖြစ်ဝင်ရောက်လုပ်ကိုင်နေခြင်းတို့ကြောင့် လုပ်သားများရှားပါးလာခြင်းလည်းဖြစ်ကြောင်း၊ သို့ဖြစ်၍ပြည်ထောင်စုအဆင့်နှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက်၌ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာ စေရေး၊ အလုပ်လုပ်ကိုင်နိုင်ရေးတို့အတွက် ဖော်ဆောင်ပေးသွားကြရန်လိုကြောင်း။
မြေအသုံးချမှုနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းနှင့်ပတ်သက် သည့်ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပြီး သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်များနှင့် အညီသာ ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများ မရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိကြရန်၊ လိုက်နာကြရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မြေယာအသုံးချ မှုများနှင့်ပတ်သက်၍ စည်းကမ်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လို ကြောင်း။
ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်မှ တတ်နိုင်သမျှဆောင်ရွက်ပေးသွားမည်
နိုင်ငံရေးအရသဘောထားကွဲလွဲမှုနှင့်ပတ်သက်၍ ယခုအခါ ပြည်သူများက ရွေး ချယ်တင်မြှောက်သည့် မိမိဦးဆောင်သည့် အစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်ပြောင်းလဲမှုများကိုခိုင်ခိုင်မာမာ ဆောင်ရွက်ပေးထား ပြီးဖြစ်ကာ သဘောထားကွဲလွဲရန်အကြောင်းမရှိသည့်အတွက် ငြိမ်းချမ်းသည့်ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် အတူတကွအလုပ်လုပ်ကိုင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာသင် ကျောင်းများနှင့်ပတ်သက်၍ ယခုအခါကျောင်းအပ်ရာသီသို့ ရောက်ရှိလာပြီဖြစ် ကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံ တော်မှတတ်နိုင်သမျှဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ KG+9 အထိ မသင်မနေရ ပညာသင်ကြားရေးကိစ္စရပ်များကို ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး ကျောင်းများအား လုံးတွင် ပညာသင်ကြားနိုင်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးအား ပေးမှသာကျေးလက်တွင်အလုပ်အကိုင်အခွင့်အလမ်းရရှိလာမည်ဖြစ်ပြီး ကျောင်းပညာ ရေးကို အားပေးမှုမရှိပါက နောင်အနာဂတ်တွင် မိမိတို့ ကလေးငယ်များအနေဖြင့် ဘဝလမ်းခရီးကို ခက်ခဲစွာဖြတ်သန်းရမည်ကို သတိပြုမိကြရန်လိုကြောင်း၊ တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ပညာရည်မြင့်မားလာမှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး သည်လည်း ပိုမိုလျှင်မြန် မြန်ဆန်စွာဖြင့် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ ကျောင်းများစနစ်တကျဖြစ်စေရေး၊ သတ်မှတ်စံနှုန်းများ ကိုက် ညီမှုရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကျောင်းနေပျော်၍ စာတော်ရမည် ဟူသည့်အတိုင်း ကျောင်းများအားလုံး သန့်ရှင်းသာယာလှပရေး၊ အခြေခံအဆောက် အဦများ ကောင်းမွန်စေရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လို ကြောင်း။
စားသုံးဆီဖူလုံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် နှစ်စဉ်ပြည်ပမှတင်သွင်းနေရ ကြောင်း၊ ပြည်တွင်း၌လည်း ဆီထွက်သီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိနေသဖြင့် ပြည်ပမှ တင်သွင်းနေရသည်မှာ မဖြစ်သင့်ကြောင်း၊ ပြည်တွင်းဆီထွက်သီးနှံများဖြစ် သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စသည့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ပိုမိုတိုးတက်ထွက်ရှိအောင် စိုက်ပျိုးဆောင်ရွက်သွားရန်လို ကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမှုနှင့်အတူ ပျားမွေးမြူခြင်းကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီး နှစ်ဖက်အကျိုးရှိစေမည့် မိတ်ဖက် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။
ကော်ဖီစိုက်ပျိုးခြင်းနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ကော်ဖီ သည် နာမည်ရရှိပြီးဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် တင်ပို့နိုင်မှုမရှိကြောင်း၊ သို့ဖြစ်၍ ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီစွာ ထုတ်လုပ်တင်ပို့နိုင်ရေး တိုးချဲ့ စိုက်ပျိုး ဆောင်ရွက်သွားကြရန်လိုကြောင်း၊
ပြီးခဲ့သည့် နွေရာသီကာလအတွင်း အပူချိန်မြင့်မားခဲ့သည့် ဒေသများအား မှတ် သား၍ ယခုမိုးရာသီကာလအတွင်း သစ်ပင်များ တိုးချဲ့စိုက်ပျိုးခြင်း၊ ရှိပြီးသားအပင်များ အား ထိန်းသိမ်းခြင်း၊ အပူရှောင်နေရာများ သတ်မှတ်ဆောက်လုပ်ပေးခြင်း တို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းဒေသများမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး စောင့်ရှောက်မှုများနှင့်ပတ်သက်၍လည်း အမြဲမပြတ်ကြည့်ရှုပေးရန်လိုပြီး ရာသီဥတု ပြင်းထန်မှုဒဏ်ကို အသက်သာဆုံးနည်းလည်းဖြင့် ဖြတ်သန်းနိုင်ရေး ဒေသဆိုင်ရာ အစိုး ရများက နည်းလမ်းရှာဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အပူပိုင်းဒေသစိမ်းလမ်းစိုပြေ ရေး သတ်မှတ်ထားသည့် ၁၃ ခရိုင်အတွင်းလာမည့် သစ်ပင် စိုက်ရာသီတွင် အောင်မြင် စွာ စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း။
နိုင်ငံတော်၏ ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ၌ အသုံးပြုရန် လျာထားသည့် ဘဏ္ဍာငွေများအား မှန်မှန်ကန်ကန်နှင့် အပြည့်အဝ အကျိုးရှိအောင် သုံးစွဲသွားကြရန်လိုကြောင်း၊ ခွင့်ပြုငွေများအား အသုံးချနိုင်မှုမရှိဘဲ ပိုလျှံငွေများအဖြစ် ပြန်လည်အပ်နှံခြင်းသည် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုပင်ဖြစ် သည့်အတွက် မှန်ကန်စွာ သုံးစွဲအသုံးချနိုင်ရန်လိုကြောင်း၊ ကြီးကြပ်ကွပ်ကဲရန်၊ ပြန်လည် စိစစ်ရန်တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။
ဖြည့်စွက်မှာကြား
ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက အွန်လိုင်းလောင်းကစားမှု များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းပြီး အွန်လိုင်းလောင်း ကစားတိုက်ဖျက်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကို ထိန်းသိမ်းနိုင်ရန် နိုင်ငံတော်အစိုးရက မော်တော်ယာဉ်သုံးစွဲမှုနှင့် စက်သုံးဆီရောင်းချပေးမှုကို စနစ်တကျဆောင်ရွက် ပေးခဲ့မှု ကြောင့် ယခုအချိန်တွင် စက်သုံးဆီဈေးနှုန်းသည် အထိုက်အလျောက် ပြန်လည်ကျ ဆင်းလာသည်ကို တွေ့ရကြောင်း၊ ယခုအခြေအနေကိုထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အောက်ခြေတွင် စနစ်တကျ ကြပ်ကြပ်မတ်မတ် ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ စိုက်ပျိုး စရိတ်ချေးငွေနှင့် စိုက်ပျိုးကိရိယာချေးငွေများနှင့် စပ်လျဉ်း ၍ ကြွေးမဆပ်သည့် တောင်သူအချို့ ရှိခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ရရန်ကြွေးကျန် ဘီလီယံချီရှိသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ချေးငွေများနှင့်ပတ်သက်၍ ချေးငွေများကို အပြည့်အဝပြန်လည် ပြန်လည်ရရှိရေးနှင့် ကြွေးကျန်များမရှိရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ချင်းပြည်နယ်အတွင်းထိခိုက်ပျက်စီးခဲ့သည့် အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦများအား ပြန်လည်ထူထောင်ရေး
ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ ချင်းပြည် နယ်အတွင်း၌ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆေးရုံ များ၊ စာသင်ကျောင်းများ ၊ အစိုးရ ရုံးဌာန များ၊ ဘာသာရေးအဆောက်အအုံများအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည့် တည်ဆောက်ရေးပစ္စည်းများကို မိမိတို့အနေဖြင့် ပို့ဆောင်ပေးလျက်ရှိ ကြောင်း၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း၊ အများပြည်သူများနှင့်သက် ဆိုင်သည့်ဈေးနှင့် အခြားရုံးဌာနအဆောက်အဦများကိုလည်း ပြန်လည်ပြင်ဆင် ပေးသွားမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် များ အလိုက်မှလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားရန် တိုက်တွန်းလိုကြောင်း။
အားကစားကဏ္ဍမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်
အားကစားနှင့်ပတ်သက်၍ နိုင်ငံတော်၏စိတ်ဓာတ်အင်အားကို အားကစားဖြင့် ဖော်ပြနေပြီး ဒေသတွင်းအားကစားပြိုင်ပွဲများ၌ပင် ထိုက်သင့်သည့်အောင်မြင်မှုများ ရရှိနိုင်ရန်လိုအပ်နေဆဲဖြစ်သည်ကို မြင်တွေ့ရကြောင်း၊ အရည်အသွေးမြင့်မားပြီး စိတ် ဓာတ်ကောင်းမွန်သည့် အားကစားသမားများကို ရွေးခြယ်ယှဉ်ပြိုင်နိုင်လိုကြောင်း၊ အားကစားတွင်အောင်မြင်မှုရရှိစေရေး အားကစားအဖွဲ့ချုပ်များမှအစ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက် သွားနိုင်ရန်လိုကြောင်း၊ အားကစားကွင်းများစနစ် တကျဖြစ်စေရေးနှင့် အဆင့်မီမီ ဖြစ်စေရေး နိုင်ငံတော်အနေဖြင့်ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နည်းစနစ်ကျစွာ၊ ကျန်းမာကြံ့ခိုင်မှုရှိစွာဖြင့် ယှဉ်ပြိုင်နိုင်စေရေး အတွက်လည်း နည်းစနစ်ပိုင်းဆိုင်ရာနည်းပြများ၊ ကြံ့ခိုင်ရေးနည်းပြများဖြင့် လေ့ကျင့်နိုင်ရန်လိုကြောင်း၊ အရည်အသွေးရှိပြီး Talent ရှိသည့်အားကစားသမားများ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာ အားကစားနည်းအလိုက် အားကစားသမားများအား ငယ်စဉ်ကတည်းကပင် စနစ်တကျ ရွေးခြယ်၍ ပြုစုပျိုးထောင်ပေးသွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတော်၏ အလံတော်ကိုတိုင်ထိပ်၌ လွှင့်တင်ဂုဏ်ပြုခံရသည့် အားကစား သမားများပေါ်ထွန်းလာစေရေး စနစ်တကျပြုစု ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ အားကစားပွဲတော်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အားကစား ကဏ္ဍကောင်းမွန်တိုးတက်လာမည်ဆိုပါက တိုင်းချစ်ပြည်ချစ်စိတ်များလည်း မြင့်မား တိုးတက်လာစေမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်ပြီး တစ်နည်းအားဖြင့် နိုင်ငံတော်ကိုတည် ဆောက်ခြင်းပင်ဖြစ်ကြောင်းနှင့် အားကစားကဏ္ဍမြှင့်တင် ရေးဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် မှာကြားခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။


