၂၀၂၆ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ်  အခြေခံနှင့်တန်းမြင့်သင်တန်းစခန်းပေါင်းစုံသင်တန်းဆင်းပွဲပြုလုပ် နေပြည်တော်၊ ၂၀၂၆ မေ ၂၂

Friday, May 22, 2026 - 15:00

၂၀၂၆ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ်  အခြေခံနှင့်တန်းမြင့်သင်တန်းစခန်းပေါင်းစုံသင်တန်းဆင်းပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၆ မေ ၂၂

              ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာ ဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဧပြီလ ၂၇ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ် ခဲ့သည့်တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။

              အဆိုပါ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆)စခန်းပေါင်းစုံသင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပုဗ္ဗသီရိ အားကစားခန်းမ၌ပြုလုပ်ရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်မှ  အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

              ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများက သင်တန်းတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသော သင်တန်းသား၊ သင်တန်းသူ များနှင့် အကောင်းဆုံးသင်တန်းစခန်း ဆုရရှိသည့်သင်တန်းစခန်းတို့အား ဂုဏ်ပြုဆု များ နှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

              မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်း နည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည် ညိုကြသည်။

              အဆိုပါ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) ကို သင်တန်းစခန်း(၁၃)ခုတွင် သင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း တပ်မတော်(ရေ)သမိုင်းဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှု နှင့် တပ်မတော်သမိုင်းဘာသာရပ်၊ အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေး ဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေး၊ အခြေခံရေကူးနှင့် လှေလှော် ရွက်တိုက်နည်းတို့ကို သင်ကြားပို့ချပေးခဲ့သည်။

              ထို့ပြင် သင်တန်းကာလအတွင်း ဖရီဂိတ်စစ်ရေယာဉ် (အောင်ဇေယျ)နှင့် ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)တို့ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လက်တွေ့ စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ ဆက်သွယ်ရေးနှင့်အီလက် ထရောနစ်ဆိုင်ရာစနစ်များ၊ ရေယာဉ်ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်း တာဝန်များကို လက်တွေ့လေ့လာခြင်း၊ ရေကြောင်းလူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့် စခန်းပေါင်းစုံပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ရန်ကုန်မြို့တွင်း ရွှေတိဂုံစေတီတော်ဖူးမြော်ခြင်း၊ နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာနှင့် အာကာသပြတိုက် လေ့လာခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ ကြသည်။

အလားတူ   ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)က ကြီးမှူးပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှ စတင်ဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၉) သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနယ်မြေမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ/နည်းပြများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသားများ တက်ရောက် ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)က သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော သင်တန်းစခန်းများနှင့် သင်တန်းသားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြ သည်။ ယင်းနောက် ခင်းကျင်းပြသထားသော ပြခန်း၊ ပြကွက်များအား လှည့်လည် ကြည့်ရှုပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)ကို သင်တန်းစခန်း ၁၈ ခု တွင် သင်တန်းသား အင်အား ၉၂၈ ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ(လက်နက်မဲ့) ဘာသာရပ်၊ လေကြောင်းပညာသမိုင်း ဘာသာရပ်၊ လေကြောင်းလူငယ်သမိုင်း ဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား ဘာသာရပ်နှင့် RC Simulator မောင်းနှင်ခြင်း ဘာသာရပ်များ သင်ကြားပို့ချခဲ့ကြောင်း၊ တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)အား သင်တန်းစခန်း ၂ ခုတွင် သင်တန်းသားအင်အား ၁၁၆ ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ (လက်နက်ပါ) ဘာသာရပ်၊ လေကြောင်းဆိုင်ရာအထွေထွေဗဟုသုတ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်နှင့် Flight Simulator မောင်းနှင်ခြင်း ဘာသာရပ်များကို ပို့ချပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် သင်တန်းသားများအား လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ဇာတိသွေး ဇာတိမာန်ဘာသာရပ်၊ စစ်သားဂုဏ်ရည်ဘာသာရပ်၊ တပ်မတော်သမိုင်းနှင့် တပ်မတော် အစဉ်အလာ ဘာသာရပ်များကိုလည်း သင်ကြားပေးခဲ့ကြောင်းနှင့် လေယာဉ်/ ရဟတ်ယာဉ်များ၏ ပျံသန်းမှုအခြေခံသဘောတရားများကို သိရှိနားလည်စေရန် အတွက် RC လေယာဉ်/ရဟတ်ယာဉ် လက်တွေ့မောင်းနှင်ခြင်းများအား သက်ဆိုင်ရာ သင်တန်းစခန်းများအလိုက် လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရှိရသည်။

၎င်းနောက် နေပြည်တော်ကောင်စီနယ်မြေတွင်စုဖွဲ့ပြီး အခြေခံစစ်ရေးပြပြိုင်ပွဲ၊ RC Simulator/ Flight Simulator မောင်းနှင်ခြင်းပြိုင်ပွဲ၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများကျင်းပခြင်းနှင့် ထူးချွန်ဆုရ သင်တန်းသားများအား နည်းပြ လေသူရဲများနှင့်အတူ တပ်မတော်(လေ)ရှိ အမောင်းသင် လေယာဉ်/ရဟတ်ယာဉ် များဖြင့် ကိုယ်တိုင်လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် သင်တန်းသားများအား ဒေသန္တရဗဟုသုတများ ရရှိစေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ သူရဲကောင်းဗိမာန်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် တပ်မတော်စစ်သမိုင်းပြတိုက် တို့သို့လည်းကောင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၊ အာကာသပြတိုက်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ တို့သို့လည်းကောင်း လေ့လာရေးပို့ဆောင်ခြင်းနှင့် စစ်ရေယာဉ်လိုက်ပါ စီးနင်းခြင်းများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။