မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ မေ ၂၂
၂၀၂၆-၂၀၂၇ ခုနှစ်၊ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/ကျောင်းသူ များ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(နန့်ပေါင်)နှင့် နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များရှိ အခြေခံပညာကျောင်းများ၌ ကျောင်းဝန်း အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ စာသင်ဆောင် အတွင်း/အပြင် သန့်ရှင်းရေးပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
