မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရ များနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာ နယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်း မရှိစေရန်နှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်း လင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာ တွင် ပါဝင်ပတ်သက်သူ ၆၂ ဦးနှင့် အသုံးပြုခဲ့သည့် အဆောက်အအုံများနှင့်လုပ်ငန်းသုံး ပစ္စည်းများ ဖမ်းဆီးရမိမှုအား မေ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခက်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန် လုံခြုံရေးပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၁၁နာရီ ၁၅မိနစ်ခန့် တွင် မိုင်းခက်မြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု၊ ဖားငင်ကျေးရွာ၏ တောင်ဘက် မီတာ ၄၅၀၀ခန့်အကွာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၀ ဦးအား Star Link ၁လုံး၊ ဖုန်းမျိုးစုံ ၁၅လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ၁၁နာရီ ၅၀မိနစ် ခန့်တွင် အဆိုပါကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစာမှုကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ဦးတို့ကို လည်ကောင်း၊ မွန်းလွဲ ၁နာရီခွဲ ခန့်တွင် အဆိုကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၅၀၀ခန့် အကွာတွင် တရုတ်နိုင်ငံသား အမျိုးသား ၃၀ဦး၊ အမျိုးသမီး ၁ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၁ဦးတို့အား ဖုန်းမျိုးစုံ ၁၁ လုံးဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၅ ဦး၊ Star Link ၁လုံး၊ ဖုန်းမျိုးစုံ ၂၆လုံး တို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိ သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်း သုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



