ဟားခါးမြို့ရှိ ဒေသခံပြည်သူများအတွက် စားသောက်ကုန်များ၊ လူသုံးကုန်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာ ကြိုဆို နေပြည်တော်၊ ၂၀၂၆ မေ ၂၁

Thursday, May 21, 2026 - 17:30

တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိသည့် ဒေသများ၌ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation)များကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်၍ မြို့ရွာများအား အဆင့်ဆင့်ပြန်လည် သိမ်းပိုက်ပြီး အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်ပေးခြင်း၊ အကြမ်းဖက်သမားများကြောင့် ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်ကာ ဒေသခံပြည်သူလူထု၏ လူမှု၊ စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်ဖော်ဆောင်ပေးနိုင်ရေး၊ စားသောက်နေထိုင်မှု အဆင်ပြေစေရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်လက်တွဲဆောင်ရွက်ပေးလျက်ရှိသည်။

တပ်မတော်သည် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ချင်းပြည် နယ်၊ ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခုအခါ ဟားခါး- ဖလမ်း- တီးတိန်- တွန်းဇံ -ကျီးခါး လမ်းကြောင်းနှင့် ကလေး- သိုင်းငင်း- ဖလမ်း - ဟားခါး လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယာယီ နေရပ်စွန့်ခွာခဲ့ကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများသည် ဖလမ်းမြို့သို့ ပြန်လည် ဝင်ရောက် နေထိုင်လျက်ရှိပြီး ၎င်းတို့အတွက် လိုအပ်သည့် အခြေခံစားသောက် ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ မြို့ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကူညီထောက်ပံ့ရေးပစ္စည်းများ ပါဝင်သည့် မော်တော်ယာဉ် များနှင့် မော်တော်ဆိုင်ကယ်များသည် မေ ၂၀ ရက်တွင် ဖလမ်းမြို့သို့ ရောက်ရှိခဲ့ပြီး ဖြစ် သည်။

အဆိုပါ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့်  ကူညီထောက်ပံ့ရေး ပစ္စည်းများပါဝင်သည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များသည် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ယနေ့တွင် ဟားခါးမြို့သို့ ဆက်လက်ထွက်ခွာကြပြီး ဟားခါးမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး၊ ကျောင်းဖွင့် ရာသီအမီ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် စာရေးကိရိယာများ အချိန်မီရောက်ရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးနှင့် အခြားသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ဆောင် ရွက်ကြမည်ဖြစ်ကြောင်းသိရှိရသည်။

ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် အတူ ဌာနဆိုင်ရာဝန်ထမ်းများသည် ဟားခါးမြို့သို့ ယနေ့ညနေပိုင်းတွင် ရောက်ရှိကြရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ဒေသခံပြည်သူများက အိုးစည်ဒိုးပတ်များ၊ အောင် သပြေခက်များ၊  ဂုဏ်ပြုပန်းကုံးများဖြင့် ကျေးဇူးတင်ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် ကလေး - သိုင်းငင်း - ဖလမ်း - ဟားခါး ဆက်သွယ်ရေးလမ်းကြောင်းအား ယာယီစိုးမိုးပိတ်ဆို့ထားစဉ် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဟားခါးမြို့၌ စားသောက်ကုန်နှင့် လူသုံးကုန်များ ရှားပါးလာခြင်း၊ ကုန်စည်စီးဆင်းမှုတွင် အခက်အခဲများဖြစ်ပေါ်ပြီး ဈေးနှုန်းများကြီးမြင့်လာခြင်း၊ ဆေးဝါး၊ ဆေးရုံသုံးပစ္စည်းများ ပို့ဆောင်ရခက်ခဲခြင်းကြောင့် ဟားခါးမြို့ရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍတွင် အခက်အခဲများဖြစ်ပေါ်လာခြင်းနှင့် ဒေသထုတ်ကုန်များ တင်ပို့ ရောင်းဝယ်နိုင်ခြင်း မရှိတော့သဖြင့် ဒေသစီးပွားရေးကျဆင်းခြင်းတို့ကို ပြည်သူများအနေ ဖြင့် ခါးဆီးခံခဲ့ရကြောင်းသိရှိရသည်။

လက်ရှိတွင် ဟားခါးမြို့သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် အခြေခံစား သောက်ကုန်များနှင့်လူသုံးကုန်ပစ္စည်းများကို ဒေသခံပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိ သူများမှတဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုအခါ ကလေး- သိုင်းငင်း- ဖလမ်း- ဟားခါး လမ်းကြောင်းတစ်လျှောက်တွင်လည်း ခရီးသွားမော်တော်ယာဉ်များနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ ပညာ ရည်မြင့်မားရေးများကို အစဉ်တစိုက် ဖော်ဆောင်ပေးလျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နေ့မနား၊ ညမအား ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံ ပြည်သူများအနေဖြင့် ယခုအခါ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုတို့၏အနှစ်သာရနှင့် အကျိုး ကျေးဇူးများကို မျက်ဝါးထင်ထင် သိမြင်ခံစားတန်ဖိုးထားတတ်လာပြီး ဒေသတွင်းစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍများမှာ လည်း ပုံမှန်အတိုင်း ပြန်လည်လည်ပတ်တော့မည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။