ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများရွှေတိဂုံစေတီတော်နှင့် အာကာသပြတိုက်သို့ သွားရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၆ မေ ၂၀
ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်း နည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများအား ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ရင်ပြင်တော်တောင်ဘက်မုခ်၌ စေတီတော်မြတ်ကြီး၏သမိုင်းကြောင်းကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများသည် စေတီတော်မြတ် ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ သာသနိက အဆောက်အအုံများအား ကြည့်ရှုလေ့လာခြင်း၊ ဓာတ်ပုံပြခန်းအားကြည့်ရှုလေ့လာခြင်း နှင့် မြန်မာ့ဗိသုကာအနုလက်ရာများအား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ကြ သည်။
ဆက်လက်ပြီး စခန်းပေါင်းစုံမှ ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူ များသည် အာကာသပြတိုက်သို့သွားရောက်လေ့လာကြရာ တာဝန်ရှိသူများကကြိုဆို ကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက အာကာသပြတိုက်အတွင်းရှိ GOTO Planetarium Analog projection System အားလေ့လာပြီး ပြခန်းအမှတ်(၁) Deep Space Exploration ပြခန်း၊ ပြခန်းအမှတ်(၂) အာကာသစခန်းပြခန်း၊ ပြခန်းအမှတ်(၃) ခရုပတ်ပုံစံပြခန်း၊ ဒုံးပျံလွှတ်တင်မှုသရုပ်ပြပုံစံ၊ Reentry Capsule အာကာသ ယာဉ်ပုံစံနှင့် VR Simulator ပုံစံတို့အား လှည့်လည်ကြည်ရှုလေ့လာကြရာ တာဝန် ရှိသူများကရှင်းလင်းပြသကြသည်။ ယင်းနောက် PLANETARIUM ROOM ပင်မပြခန်း ဆောင်တွင် သိပ္ပံပညာနှင့် အာကာသဆိုင်ရာရှာဖွေတွေ့ရှိချက်များစွာကို အသက်ဝင်လှုပ်ရှားနေသည့် ပုံရိပ်များအဖြစ် ပြကွင်းပြကွက်များပြသခဲ့ရာ သင်တန်း သား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

