တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကလောမြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ မေ-၂၀
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ကလောမြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ အား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ တွေ့ဆုံ အမှာစကားပြော ကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန် ရှိသူများ၊ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်ဌာနချုပ် ၏တပ်တည်ဆောက်ရေး လုပ်ငန်းတွင်ဖြစ်စေ၊ လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်ထမ်း ဆောင်ရာတွင်ဖြစ်စေ ဦးစီးဦးဆောင်ပေးရသော တပ်မှူးများအပေါ်မူတည်၍ အောင်မြင်မှု ရနိုင်မည်ဖြစ်ကြောင်း၊ အလားတူ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ အဆင့်တိုင်းတွင်း ဦးစီး ဦးဆောင်ပေးရသော ခေါင်းဆောင်အပေါ်မူတည်၍ အရည်အသွေးနှင့်စွမ်းဆောင်မှု ကွာခြားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်မှုသည် အရေးကြီးပြီး ခေါင်းဆောင်မှု အင်္ဂါရပ်နှင့် ပြည့်စုံနေရန်လိုကြောင်း၊ ထို့အပြင် ခေါင်းဆောင်သည် စည်းရုံးရေးမှူးကောင်း တစ်ယောက်ဖြစ်ရန်လိုပြီး မိမိလက်အောက်မှ ယုံကြည်မှုအပြည့် ဖြင့် လိုက်ပါလာ အောင် စွမ်းဆောင်နိုင်ရန်လိုကြောင်း။
တပ်မှူးများသည် အုပ်ချုပ်ရေးအပိုင်းမှ လူမှုရေးကဏ္ဍများတွင် ဖခင်စိတ်ဓာတ်၊ ညီအစ်ကိုလိုစိတ်ဓာတ်ဖြင့်ဆောင်ရွက်ရန်လိုသော်လည်း လုံခြုံရေး နှင့်စစ်ဆင်ရေးအပိုင်း များတွင် Commender စိတ်ဓာတ်ဖြင့် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ရမည်ဖြစ်၍ မှန်ကန်စွာ ပိုင်းခြားတတ်ရန်လိုကြောင်း၊ အဓိကကျသော ခေါင်းဆောင်များ၊ အရာရှိများမှ တပ်များကို မှန်ကန်စွာ ဦးဆောင်မှုပေးပါက တပ်တွင်းစည်းလုံးညီညွတ်မှု တိုးတက်လာ မည်ဖြစ်ကြောင်း၊
အုပ်ချုပ်ရေးနှင့်ပတ်သက်၍ တပ်မှူးများသည် တရားစီရင်ခွင့် အခွင့် အာဏာ ရှိသူများဖြစ်၍ စစ်ဘက်တရားစီရင်မှုအပိုင်းကို မှန်ကန်သောဆင်ခြင်တုံတရား ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အရာရှိများနှင့်ပတ်သက်၍ Commander အဆင့်ဆင့်က ထိန်းသိမ်းပေးရန်လိုပြီးညီအစ်ကိုစိတ်ဓာတ်ဖြင့် ထိန်းသိမ်းပေးရန်လိုကြောင်း၊ Guardian စနစ်၊ စိတ်ဓာတ်ဖြင့် အထက်အောက်ထိန်းသိမ်းမှုဖြင့် သွားရမည်ဖြစ်ပြီး ကောင်းမွန်သော အစဉ်အလာကောင်းများဖြင့် ကြပ်မတ်ကွပ်ကဲခြင်းဖြင့် စည်းလုံးညီညွတ်မှုကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ ဦး၊ ရေး၊ ထောက် လုပ်ငန်းများကို Check, Recheck, Couter Check ဖြင့် လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းလစ်ဟင်းမှုမရှိစေဘဲ တပ်များ၏စွမ်းရည်တိုး တက်လာ မည်ဖြစ်ကြောင်း၊
အုပ်ချုပ်ရေးစွမ်းရည်ကျဆင်းလျှင် စစ်ရေးစွမ်းရည် နှင့် စည်းရုံးရေးစွမ်းရည်များပါ ကျဆင်းပြီး စည်းကမ်းမရှိလျှင် စည်းရုံးရေးလည်း ကျဆင်းနိုင်၍ အုပ်ချုပ်ရေး စွမ်းရည် တွင်ပါဝင်သည့် စစ်စည်းကမ်းလိုက်နာမှုအပိုင်း၊ စီမံခန့်ခွဲမှု အပိုင်းများတွင် ခေါင်းဆောင် များက သေချာစွာကြပ်မတ်ပေးရန် လိုကြောင်း။
ခေါင်းဆောင်ကောင်းများဖြစ်ရန် အတွေးအခေါ်ကောင်းမွန်ရမည်ဖြစ်ပြီး အတွေး အခေါ်ကောင်းမွန်ရန် အသိပညာ၊အတတ် ပညာပြည့်ဝ၍ ဖတ်ရှုလေ့လာမှုကို မပြတ်ပြုလုပ်နေရန်လိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိရန်လိုပြီး သဘောထား ပြည့်ဝစွာဖြင့် မြော်မြင်ဆုံးဖြတ်တတ်ရန် လိုကြောင်း၊ ခေါင်းဆောင်တစ်ဦးအနေဖြင့် လက်အောက်ကိုအမြဲတမ်း ကြည့်ရှု၍ ဆုံးမပဲ့ပြင် ပြောကြား ပေးနေရန်လိုကြောင်း။
ခေါင်းဆောင်မှုနှင့်ပတ်သက်ပါကတပ်မှူးအသီးသီးသည် မှန်ကန်သည့် ဦးဆောင်မှု နှင့်လုပ်ဆောင်ပါက လက်အောက်ငယ်သားများက တပ်မှူးအပေါ် ယုံကြည်မှုရှိလာမည် ဖြစ် ကြောင်း၊ အခြေခံဖြစ်သည့် တပ်ရင်း/တပ်ဖွဲ့မှူးများ ခေါင်းဆောင်မှုကောင်းမွန်ပါက လက်အောက်စစ်သည်၊ မိသားစုဝင်များက ယုံကြည်မှုရှိ၍ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မှူးတစ်ဦးသည် တစ်ဖက်တွင် စစ်တိုက်သည့်တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သော်လည်း စစ်တိုက်တတ်ရုံဖြင့် မပြီးသေးဘဲ တပ်ကိုကောင်းစွာအုပ်ချုပ်ကွပ်ကဲတတ်ရန်လည်း လိုအပ် ကြောင်း၊ အဓိက ကျသည်မှာ တပ်ရင်း/တပ်ဖွဲ့များရှိ တာဝန်ရှိသူများအနေဖြင့် လက်အောက်၏ အခက် အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်လိုသဖြင့် ၎င်းတို့နှင့် ထိတွေ့မှု များစွာရှိရ မည်ဖြစ် ကြောင်း၊ ထိုသို့ ထိတွေ့မှုများပြုလုပ်ခြင်းသည် စစ်သည်များစိတ်ဓာတ် မြင့်မားရေးနှင့် တပ်အင်အားတောင့်တင်းခိုင်မာရေးအတွက် လုပ်ဆောင် ရမည့်အချက်ပင် ဖြစ်ကြောင်း။
တပ်မှူး၊ အရာရှိကြီးများသည် တပ်မိသားစုနှင့်ထိတွေ့ရန်လိုသကဲ့သို့ ပြည်သူလူထု နှင့်လည်း အပြုသဘောဆောင်သည့် ထိတွေ့မှုရှိရန် လိုကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ပျော်ပွဲရွှင်ပွဲများသည် မိမိတပ်မိသားစုများနှင့် ထိတွေ့မှုများပင်ဖြစ်သည့် အတွက် မှန်မှန်ကန်ကန်လုပ်ဆောင်ရန်လိုကြောင်း။
တပ်မှူးများအနေဖြင့် မိမိတပ်ရှိ အရာရှိ၊ စစ်သည်များ ပြည်သူအပေါ်ထိတွေ့ ဆက်ဆံရာတွင် ပြည်သူလူထု၏ အထင်အမြင် လွဲမှားစေနိုင်သည့် ကိစ္စရပ်များမဖြစ် အောင် ထိန်းသိမ်းကြပ်မတ် သွားရန်လိုကြောင်း၊ ပြည်သူနှင့်ထိတွေ့ဆက်ဆံရာတွင် ပြဋ္ဌာန်းထားသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ပြည်သူအပေါ်ပြုကျင့်ရမည့် ကျင့် ဝတ် ၁၀ ပါးနှင့်အညီ ပြုမူဆက်ဆံရန် အလေးထားမှာကြားလိုကြောင်း၊ ခေါင်းဆောင်များ အနေဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိအောင်လုပ်ရန်၊ စွမ်းရည်ရှိအောင်လုပ်ရန်၊ လက် အောက်မှ မိမိအပေါ် ယုံကြည်မှုရှိအောင်လုပ်ဆောင်ရန်နှင့် မိမိတပ်မတော်အပေါ် ယုံကြည်မှုရှိအောင် လုပ်ဆောင်ရန်လိုကြောင်း၊ တပ်မှူးများအနေဖြင့် မိမိတို့၏ ခေါင်းဆောင်မှု အောက်တွင် လက်အောက်မှအားလုံးကို လိုက်ပါဆောင်ရွက်လာစေရေး အတွက် အုပ်ချုပ် မှုညီညွတ်မျှတအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Commander သည် အမုန်းခံရမည်၊ ပြောစရာရှိက ပြောရမည်၊ အရေးယူစရာရှိက ယူရမည်၊ ချီးမြှင့်စရာရှိက ချီးမြှင့်ရမည်၊ အသိအမှတ်ပြုစရာရှိက အသိအမှတ်ပြုရ မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် လက်အောက်၏ အခြေအနေအမှန်ကို သိရှိရန်လို ကြောင်း၊။
စစ်ရေးစွမ်းရည်ထက်မြက် ရေးအတွက် လေ့ကျင့်ရေးကို အလေး ထားဆောင်ရွက် ပေးရန်နှင့် Format ပုံစံ၊ Drill ပုံစံများပေါ်တွင် အခြေခံကာ ခေါင်းဆောင်လုပ်သူ ၏ဉာဏ်ဖြင့် တိုက်ပွဲပုံစံကိုဖော်သွားရန် လိုသလိုလက်အောက်သို့ အမြဲတမ်းသင်ကြား ပေးနေရန် လိုကြောင်း၊ အခြေခံလေ့ကျင့်ရေးမှစကာ စစ်ရေးစစ်ရာနှင့် ပတ်သက်၍ သင်ကြားမှုတွင် Format,Drill,Concept စသည် တို့ကို အခြေခံရအောင် သင်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ကျင့်သားရအောင် လုပ်ပေးလိုက်သည့်အတွက် ယင်းတို့ ကိုအခြေခံ၍ စစ်မြေပြင်တွင်လက်တွေ့အခြေအနေနှင့်ကိုက်ညီသည့် လုပ်ဆောင်မှုများ ဖြင့် ဒွန်တွဲလုပ်ဆောင် သွားရမည် ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည်ဆိုသည်မှာ တိုက်စွမ်းရည်ရှိသည့်တပ်မတော်၊ တိုက်စွမ်းအားရှိသည့် တပ်မတော်ပင်ဖြစ်ပြီး တိုက်စွမ်း ရည်ရှိရန်တပ်မှူးများက မိမိ၏ တပ်ကိုလေ့ကျင့် ပေးနေရန်လိုကြောင်း၊ စစ်ရေးစွမ်းရည် ထက်မြက်ရန်အတွက် လူတစ်ဦးချင်းစွမ်းရည်များ ထက်မြက်ရန်၊ လက်နက်စွမ်းရည် များရှိရန်နှင့် လေ့ကျင့်သားပြည့်ဝရမည့်အပြင် စစ်နည်းဗျူဟာများကိုလည်း မှန်မှန် ကန်ကန် ကျင့်သုံးတတ်ရန်လို ကြောင်း၊ စွမ်းရည်ရှိသည့်တပ်မတော်တွင် စစ်ရေးစွမ်းရည် ပြည့်ဝသည့် တပ်မတော်သား ကောင်းတစ်ယောက်ဖြစ်စေရန် အလေ့အကျင့်ကောင်း များရှိရမည့်အပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိရန်လိုအပ် ကြောင်း။
မိမိတွင်ရှိသည့် လူ၊ ပစ္စည်း၊ မိမိသင်ကြားရသည့်စစ်ပညာ၊ လက်ဝယ်တွင် ရှိသည့် နည်းပညာများကိုကောင်းစွာအသုံးချပြီး စွမ်းရည်ထက်မြက် အောင်ဆောင်ရွက်ရန်လို ကြောင်း၊ ရှိသည့်စစ်လက်နက်ပစ္စည်းများကို ထိရောက်စွာအသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည်တွင် လေ့ကျင့်ရေးသည် အဓိကကျသည်ကိုတွေ့ရပြီး စစ်ရေးစွမ်းရည် ထက်မြက်၍ တိုက်ပွဲတိုင်း အောင်မြင်ရေးအတွက် လေ့ကျင့်ရေးကို ဖိဖိစီးစီးလုပ်ရန် လိုကြောင်း၊ အလားတူ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့် လေ့ကျင့်ရေး လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စစ်ပညာနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် အမြုဲမပြတ်လေ့လာရန်လိုအပ်ပြီး ခေတ်မီတိုးတပက်လာသည့် စစ်လက်နက် များ၊ ပြောင်းလဲလာသည့် စစ်နည်းဗျူဟာများအား လေ့လာဆည်းပူးသွား ကြရန်လိုအပ်ကြောင်း။
သင်တန်းသားများအနေဖြင့် အဆင့်နှင့်လျော်ညီအောင် နေထိုင်၍ ရိုးသားစွာ ကြိုး စားမှုဖြင့် ယှဉ်ပြိုင်သွားရန် မှာကြားလိုကြောင်း၊ သင်တန်းသားတိုင်း နံပါတ်တစ်ဖြစ် မလာနိုင်သော်လည်း နံပါတ်တစ်ဖြစ်ခွင့် အားလုံးတွင်ရှိကြောင်း၊ ထို့ကြောင့် ထူးချွန်၊ သာမန်အထက်၊ သာမန်အမြင့်၊ သာမန် သတ်မှတ်ထားသဖြင့် မိမိတို့၏ကြိုး စားအား ထုတ်မှုအလိုက် သတ်မှတ်အဆင့်ကို ရရှိမည်ဖြစ်ပြီး နည်းပြများအနေဖြင့်လည်း တော်တည့် မှန်ကန်၍ ညီညွတ်မျှတစွာ အုပ်ချုပ်သင်ကြားပေးရန်လိုကြောင်း၊ အရည် အချင်းသတ် မှတ်ချက်နှင့်ပတ်သက်၍ ပင်ကိုယ်အရည်အချင်းနှင့် စိတ်ဓာတ်ကိုမြင် အောင်ကြည့်၍ အကဲဖြတ်ကာ မှန်ကန်သောအဆင့်သတ်မှတ်ပေးနိုင်ရန်လိုကြောင်းဖြင့် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော် ကာကွယ် ရေးနှင့်လုံခြုံရေးတာဝန်များကို ရှေ့တန်းစစ်မျက်နှာတွင် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့မှု ကြောင့် စစ်ဆင်ရေးထူးချွန်မှုဖြင့် တဆင့်မြှင့်ရာထူးဖြင့် ဂုဏ်ပြုခံရပြီး သင်တန်း တက်ရောက်ခွင့်ရရှိခဲ့သည့် သင်တန်းသား အရာရှိကြီး ၂ ဦးအား ချီးကျူးဂုဏ်ပြုစကား ပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ၌ သင်တန်းနည်းပြအရာရှိကြီးများ၊ သင်တန်းသား အရာရှိကြီးများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။



