နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် ၃၁၂ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံနေပြည်တော်၊ ၂၀၂၆ မေ ၁၉

Wednesday, May 20, 2026 - 02:45

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင် အမျိုးသား ၂၇၇ ဦးနှင့် အမျိုးသမီး ၃၅ ဦး၊ စုစုပေါင်း ၃၁၂ ဦးတို့သည် ဉပဒေ‌ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ် ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရား ဥပဒေဆိုင်ရာပုဒ်မများအား အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိ လာသည့် မောင်းပြန်ရိုင်ဖယ် သေနတ် (၈) လက်၊ M22 အမျိုးအစား သေနတ် (၁)လက်၊ KA-25 အမျိုးအစား သေနတ် (၁)လက်၊ Type 81 အမျိုးအစား သေနတ် (၂) လက်၊ လက်လုပ်သေနတ် (၂)လက်၊ လက်လုပ်စိန်ပြောင်း (၂)လက်၊ ကျည်အိမ်မျိုးစုံ(၂၃)ခု၊  ကျည်မျိုးစုံ(၇၈၁)တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၁၀)လုံးနှင့် ဗုံးသီး(၂)လုံး တို့ကို လွှဲပြောင်း အပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ် ၁၂လက်အတွက် ဆုကြေးငွေကျပ် သိန်း ၆၀၀၊ လက်လုပ်သေနတ် ၂ လက်အတွက် ဆုကြေးငွေကျပ် ၁၀ သိန်း၊  လက်လုပ် စိန်ပြောင်း ၂လက်အတွက်ဆုကြေးငွေကျပ် ၁၀သိန်း၊ လက်ပစ်ဗုံး ၁၀လုံးအတွက် ဆုကြေး ငွေကျပ် သိန်း ၃၀၊ ဗုံးသီး ၂ လုံးအတွက် ဆုကြေးငွေကျပ် ၆သိန်းနှင့် လက်နက်မပါဘဲ ဥပဒေ ဘောင်အတွင်း ရောက်လာသူများအတွက် ငွေကျပ်သိန်း ၂၉၀၊ စုစုပေါင်း ဆုကြေးငွေ ကျပ် ၉၄၆ သိန်းနှင့် စာသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူ များကလက်ခံရယူကြသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်း သူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြသည်။

ယနေ့အခမ်းအနားများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှု အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၂၆)ဦး၊ အမျိုး သမီး(၄)ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား(၉)ဦး၊ အမျိုးသမီး(၁)ဦး၊ မဟာအောင်မြေ မြို့နယ်မှ အမျိုးသား (၂)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား (၄)ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး(၁)ဦး၊ ပုသိမ်ကြီး မြို့နယ်မှ အမျိုးသား(၁)ဦး၊ ပြင်ဦးလွင် မြို့နယ်မှ အမျိုးသား(၅)ဦး၊ မိတ္ထီလာမြို့နယ်မှ အမျိုးသား(၁)ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား (၅၄)ဦး၊ အမျိုးသမီး (၁)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး (၂)ဦး၊ သပိတ်ကျင်း မြို့နယ်မှ အမျိုးသား(၄၇)ဦး၊ အမျိုးသမီး(၂)ဦး၊  မိုးမိတ်မြို့နယ်မှ အမျိုးသား (၇)ဦး၊ အမျိုးသမီး(၁)ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား(၉)ဦး၊ အမျိုးသမီး(၄)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား(၄)ဦး၊တောင်သာမြို့နယ်မှအမျိုးသား(၁)ဦး၊ ချောက်မြို့နယ် မှ အမျိုးသား(၄)ဦး၊ ပျော်ဘွယ်မြို့နယ်မှ အမျိုးသား(၈)ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား(၁၉)ဦး၊ အမျိုးသမီး (၁၃)ဦး၊ မြစ်သားမြို့နယ်မှ အမျိုးသား(၃)ဦး၊ တံတားဦး မြို့နယ်မှ အမျိုးသား (၁)ဦး၊ စဉ့်ကိုင် မြို့နယ်မှ အမျိုးသား(၁)ဦး၊ စလင်းမြို့နယ်မှ အမျိုးသား(၃)ဦး၊ စေတုတ္တရာမြို့နယ်မှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊ ပွင့်ဖြူမြို့နယ် မှ အမျိုးသား(၅)ဦး၊ တောင်တွင်းကြီးမြို့နယ်မှ အမျိုးသား(၂)ဦး၊ နတ်မောက် မြို့နယ်မှ အမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုးသား (၂၉)ဦး၊ အမျိုးသမီး (၄)ဦး၊ပဒါန်းမြို့နယ်မှ အမျိုးသား(၁)ဦး၊   ငဖဲမြို့နယ် အမျိုးသား(၂)ဦး ပေါင်း အမျိုးသား (၂၇၇)ဦးနှင့် အမျိုးသမီး (၃၅)ဦး၊ စုစုပေါင်း (၃၁၂)ဦး ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်း အဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး၍ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံ ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။