ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား လက်ခံတွေ့ဆုံ  နေပြည်တော် မေ  ၁၉

Wednesday, May 20, 2026 - 02:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Ms. Ma Jia အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့် စီမံကိန်းများ အပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊  နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည် ဖော်ရေးကိစ္စများ၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက် ရှိသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတဦးညိုစောနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်လတ်၊ ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။