တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ တောင်ကြီးတပ်နယ်နှင့် ဆီဆိုင်၊ ဘန်းယဉ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ မေ-၁၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ယနေ့နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများလိုက်ပါ၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ထား ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ တိုင်းမှူးက အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်၏ သမိုင်းအကျဉ်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေး နှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ထားရှိမှုခြေအနေများ ကိုရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာန ချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသူများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင် ရသည့် နယ်မြေဒေသ၏ သမိုင်းကြောင်းစဉ်လာနှင့် ပကတိအခြေအနေမှန်များကို သိရှိနားလည်ရမည်ဖြစ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဒေသခံများနှင့်အတူတကွ ဝိုင်းဝန်းဆောင်ရွက်ပေးသွားရန် လိုအပ် သည့်အခြေအနေများ၊ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ အနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝနေရန် လိုအပ်သည့်အခြေအနေများ၊ အဆင့်ဆင့်သော ခေါင်းဆောင်များကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမှသာလျင် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့်တပ်များ ဖြစ်လာမည်ဖြစ်သဖြင့် စစ်သည်တစ်ဦးချင်း စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်ကောင်းများရှိအောင် လေ့ကျင့် ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြား သည်။
ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမ၌ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဆီဆိုင်၊ ဘန်းယဉ် တပ်နယ် များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌လည်းကောင်း သီးခြားစီသွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများ၊ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က အမှာစကား ပြောကြားရာတွင် သမိုင်းအစဉ်အလာကြီးမားသော တိုင်းစစ်ဌာနချုပ်တစ် ခုဖြစ်၍ တာဝန်ထမ်းဆောင်ခွင့်ရသော အရာရှိ၊ စစ်သည်များအနေဖြင့် ဂုဏ်ယူစရာပင် ဖြစ်ကြောင်း၊ တပ်မတော်တွင် ဆင့်ကဲအုပ်ချုပ်မှုစနစ်ရှိပြီး အဆင့်လိုက်ခေါင်းဆောင်မှု တာဝန်ထမ်းဆောင်ရာတွင် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ တော်တည့်မှန်ကန်စွာ ကွပ်ကဲအုပ်ချုပ်ရန်လိုကြောင်း၊ စစ်သား ကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ခြင်း၊ စစ်သည်တော်ကျင့်ဝတ်(၆၀)ပါးနှင့်အညီ ပြုမူပြောဆိုခြင်းနှင့် တပ်ကိုတပ်နှင့်တူအောင် စနစ်တကျထိန်းကျောင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်အားကိုမှုကို ရရှိမည်ဖြစ်ကြောင်း၊ တရားသောစစ်ကိုအောင်နိုင်ခြင်းသည် ပြည်သူ၏အားကိုး ယုံကြည်မှုကိုရရှိမည်ဖြစ်ပြီး တပ်မတော်သည်နိုင်ငံ၏ Last Defence ဖြစ်၍ ခိုင်ခိုင် မာမာတည်ဆောက်နေရန်လိုကြောင်း။
နိုင်ငံတော်အတွက် အကြပ်အတည်းအချိန်ကာလများတွင် တပ်မတော်သည် အသင့်ဖြစ်ခဲ့၍ တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်မှ အချိန်မီတားဆီးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ အမြဲအသင့်ဖြစ်နေရန် စွမ်းရည်ထက်မြက်သော တပ်မတော်ဖြစ်ရေး ကောင်းစွာလေ့ ကျင့်နေရန်လိုကြောင်း၊ အရေးကြီးမှသွေးစည်းသည်ဆိုသည်ထက် အရေးကြီးသည် ဖြစ်စေ၊ မကြီးသည်ဖြစ်စေ မည်သည့်အချိန်တွင်မဆို မိမိတို့က သွေးစည်းသည်ဆိုသည့် စိတ်ဓာတ်မျိုးရှိရန်လိုကြောင်း၊ တိုင်းပြည်ချစ်စိတ်နှင့် တပ်မတော်ချစ်စိတ်ကို အခြေခံ ပြီး မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိ၏မိသားစုအပေါ်သစ္စာရှိရန်၊ မိမိ၏ပတ်ဝန်းကျင်အသိုင်း အဝိုင်းအပေါ်သစ္စာရှိရန်၊ တပ်မတော်အပေါ်နှင့်နိုင်ငံတော်အပေါ်သစ္စာရှိရန်လိုကြောင်း။
တပ်မှူးကောင်းသည် ပြောဆိုဆုံးမရန်လိုအပ်သည်ကို ပြောဆိုဆုံးမသကဲ့သို့ ဂုဏ်ပြုချီးမြှောက်သင့်သည်ကိုလည်း ချီးမြှောက်ပေးရန်လိုကြောင်း၊ သဘောကောင်း သည်နှင့် စေတနာထားခြင်းသည် မတူညီကြောင်း၊ စေတနာထားသည်ဆိုသည်မှာ မဖြစ်သင့်မဖြစ်ထိုက်သည်များကို စဉ်းစားဆင်ခြင်ပြီး ဖြစ်သင့်ဖြစ်ထိုက်ခြင်းကို ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိသားစု ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ ဖာသည့်ဖာသာ ဖြင့် နေသာသလိုနေခြင်း၊ စည်းကမ်းချိုးဖောက်မှုကို လျစ်လျူရှုခြင်းသည် အဆိုပါ မိသားစုနှင့် အဖွဲ့အစည်းကိုပျက်စီးစေ မည်ဖြစ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရန်အတွက် စစ်တိုက်တော်ရန်လိုပြီး စစ်ကျောင်းကြီးများ အနေဖြင့် အပြည့်အဝလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ တိုက်ပွဲဝင်စိတ်ဓာတ်ရှိ အောင်ဆောင်ရွက်ရာတွင် စစ်တိုက်တတ်ရုံနှင့်မရဘဲ စိတ်ဓာတ်ကိုပါ ပြုပြင်ရမည်ဖြစ် သည့်အတွက် တိုက်ရဲအောင်၊ စိတ်ဓာတ်ကောင်းအောင် မိသားစုများ၏ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ နောက်ဆံမငင်ရအောင် လုပ်ဆောင်ပေးရမည်ဖြစ် ကြောင်း၊ မိမိတို့ Professional သည် စစ်တိုက်ရန်ဖြစ်ပြီး စစ်တိုက်ရန်အတွက် စစ်ရေးစွမ်းရည်ထက်မြက်ရမည်ဖြစ်ကြောင်း။
Standard Army ဖြစ်ရန် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား ထက်မြက်နေရန် လိုပြီး ပြောင်းလဲလာသော ခေတ်သစ်စစ်ပွဲများနှင့် နည်းပညာများကို သိရှိလေ့လာနေ ရန်လိုကြောင်း၊ ခေတ်သစ်နည်းပညာအသုံးပြုထားသော စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်စွာ လက်တွေ့အသုံးချနိုင်ရန်လိုပြီး မိမိကြံဆမှုဖြင့် ပေါင်းစပ်၍ တိုက်ပွဲဝင် နိုင်ရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်အောင်၊ ကျွမ်းကျင်အောင်၊ ရဲစွမ်းသတ္တိရှိအောင် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နည်းပညာခေတ်ဖြစ်သည့်အတွက် နိုင်ငံတ ကာတပ်မတော်များ နှင့် လိုက်လျောညီထွေမှုဖြစ်အောင်၊ တပ်မတော်၏အရည်အသွေး ကို မြှင့်တင်နိုင်ရန် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့် လေ့ကျင့်ရေးလုပ်ငန်းစဉ် များအတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမိန့်နာခံတတ်မှုတွင် တစ်ဦးချင်းနှင့် အဖွဲ့လိုက်ဟူ၍ရှိပြီး မိမိတို့တပ်မတော်အနေဖြင့် အဖွဲ့စနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ် သောကြောင့် တစ်ဦးချင်းစွမ်းရည်များစုပေါင်းပြီး အဖွဲ့အစည်း၏ စွမ်းရည်များရရှိ အောင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း။
တပ်မတော်သားများဖြစ်သည့်အတွက် မိမိ၏မျိုးဆက်အပေါ် ပေးနိုင်သော အကောင်းဆုံးအမွေမှာ ပညာအမွေသာဖြစ်ကြောင်း၊ ပညာအမွေပေးနိုင်ခြင်းဖြင့် ကောင်းမွန်သောအနာဂတ်ကို လမ်းဖွင့်ပေးနိုင်မည်ဖြစ်ပြီး လမ်းမှားမရောက်စေရေး အတွက်လည်း ထိန်းကျောင်းပေးရာရောက်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော် သားမိသားစုဝင်သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက်လိုအပ်သည့် ထောက်ပံ့ မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများအနေဖြင့် အနည်းဆုံးKG+9တက်ရောက်အောင်မြင်အောင် တက်ရောက် သင်ကြားရန်လိုကြောင်း၊ KG+9(အခြေခံပညာအလယ်တန်းအဆင့်) တက်ရောက်ပြီး သူများအနေဖြင့်လည်း စက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံ ကျောင်းများသို့ တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ မှီခိုသူသားသမီးများ ၏ ပညာရည်မြင့်မားလာပါက တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ အထောက် အကူရလာမည်ဖြစ်ကြောင်း၊ အလားတူ တပ်မှူးများသည် တပ်မတော်သားများ၏ အတန်းပညာမြင့်မားရေးကို ဦးစားပေးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊
နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာဖောက်မှု၊ ငွေကြေးရှုပ်ထွေးမှု၊ လူမှုရေး ရှုပ်ထွေးမှု၊ မူးယစ်ဆေးဝါးမှုများသည် ခွင့်လွှတ်ပေး၍မရကြောင်း၊ ပြုပြင်ဆုံးမပေးနိုင် သော အပြစ်ဖောက်မှုများအတွက် ပြုပြင်ဆုံးမကာ သဘောပေါက်နားလည်စေခြင်းဖြင့် ထိန်းသိမ်းပေးရန်လိုကြောင်း၊ တပ်ရင်းမှူးနှင့် တပ်ရင်းမှူးဇနီးသည် တပ်၏အမိအဖ ဖြစ်ပြီး တပ်တွင်လိုက်ပါနေထိုင်သည့် အရာရှိဇနီးများသည် ခင်ပွန်းသည်၏အလုပ်ကို ကူညီပေးရန်ဖြစ်သော်လည်း ဝင်ရောက်စွက်ဖက်၍မရကြောင်း၊ ခေါင်းဆောင်မှုကောင်း ခြင်းဖြင့် မိမိကွပ်ကဲရသောအဖွဲ့အစည်းအတွက် အေးမြ သောအရိပ်အာဝါသတစ်ခုကို ဖြစ်စေပြီး စည်းလုံးညီညွတ်မှုနှင့် တပ်နေပျော်ရေးကို ဖြစ်ပေါ်စေကြောင်း၊ ကောင်းမွန် သောခေါင်းဆောင်မှုဖြင့် မိမိတပ်အပေါ် စေတနာထားကာ စည်းကမ်းကောင်းမွန်၍ စွမ်းရည်သုံးရပ်ထက်မြက်အောင် တည်ဆောက်ပေးနိုင်သော တပ်မှူးများကို ၎င်းတပ် ရင်းက တသသအမှတ်ရနေမည်ဖြစ်ကြောင်း။
တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ တွင်ရှိပြီး အုပ်ချုပ်မှုမကောင်းလျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ပါ မကောင်းနိုင်ကြောင်း၊ အုပ်ချုပ်ရေးစွမ်းရည်တွင် စားရေး၊ နေရေး၊ သွားလာနေထိုင်ရေး၊ စစ်စည်းကမ်းထိန်းသိမ်းရေးအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက် သွားရန်လိုပြီး တာဝန်ရှိသူများအနေဖြင့်လည်း ထိန်းသိမ်းဆောင် ရွက်သွားရန်လို ကြောင်း၊ စစ်သားဖြစ်၍ အမိန့်နာခံရမည်ဖြစ်ပြီး အမိန့်မှာတရား မျှတသောအမိန့်ဖြစ် ရန်လိုကြောင်း။
သက်သာချောင်ချိရေးနှင့် တည်ဆောက်မှုအပိုင်းတွင် အထက်မှပေးထားသည့် သက်သာချောင်ချိရေးများရှိသကဲ့သို့ မိမိကိုယ်တိုင် ဆောင်ရွက်ရမည့် သက်သာချောင်ချိ ရေးများလည်းရှိပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုး/မွေးမြူရေးကို အောင်မြင်အောင်ဆောင် ရွက်ခြင်းသည် မိမိကိုယ်တိုင်ဆောင်ရွက်သည့် သက်သာချောင်ချိရေးပင်ဖြစ်ကြောင်း၊ မှန်မှန်ကန်ကန်နှင့် သက်သာချောင်ချိရေးကို လုပ်ဆောင်မည်ဆိုလျှင် တပ်တွင်းစည်း လုံးညီညွတ်ရေးများတွင်လည်း အထောက်အကူရရှိမည် ဖြစ်ကြောင်း၊ တစ်ဦးချင်းစိုက် ပါက တစ်ဦးချင်းအကျိုးခံစားရပြီး တပ်ပိုင်ဆောင်ရွက်ပါက မိသားစုဝင်အားလုံး အကျိုး ခံစားရမည်ဖြစ်၍ မိမိဒေသနှင့်ကိုက်ညီသော စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကို အောင်မြင်မှုရရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း။
တပ်ရင်းတပ်ဖွဲ့များရှိ သက်သာဆိုင်များသည် မိသားစုဝင်များ အမှန်တကယ် သက်သာမှုရှိအောင် ဆောင်ရွက်ပေးရန်နှင့် စစ်သည်၊ မိသားစုများအနေဖြင့် ခြိုးခြံ ချွေတာရေးအား အသိစိတ်ဖြင့် လိုက်ပါလုပ်ဆောင်နိုင်ရန်လိုကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နေထိုင်ရေး အဆင်ပြေစေရန် ရေ၊ မီး၊ မိလ္လာမှစ၍ အခြေခံလိုအပ်များကို အခက်အခဲများမရှိအောင် စစ်ဆေးပြုပြင်ပေးရန်လို ကြောင်း၊ ထို့အပြင် စစ်သည်များအနေဖြင့် မိမိတို့၏အခက်အခဲများကို သတင်းပို့ တင်ပြနိုင် စေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
တိုင်းစစ်ဌာနချုပ်အနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ သေနတ်ပစ်၊ လက်ဝှေ့၊ ပြေးခုန်ပစ် စသည့်အားကစားများတွင် တပ်မတော်ကိုယ်စားပြု၊ နိုင်ငံ့ကိုယ်စားပြု လက်ရွေးစင်များမွေးထုတ်ပေးနိုင်သည်အထိ လေ့ကျင့်ပျိုးထောင်ပေး ရန်လိုကြောင်း။
ကျန်းမာကြံ့ခိုင်ရန်မှာ ချက်ချင်းထလုပ်၍မရနိုင်ဘဲ ပုံမှန်လေ့ကျင့်ပြီး ပြုစုပျိုးထောင် ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ စွမ်းရည်မြှင့်တင်ရေးတွင် အဓိက လိုအပ် ချက်ဖြစ်သည့် “ကျန်းမာကြံ့ခိုင်ရေး နှင့်ပညာရည်မြင့်မားရေး”မှာ အရေးကြီး ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အားနည်းချက်များကြောင့် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်သည့်အပိုင်းတွင် ထိခိုက်မှုများရှိကြောင်း၊ ကျန်းမာ ကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်လျော်ညီစွာ နေထိုင် စားသောက် ကြရန် လိုကြောင်း။
အမျိုးသမီးစစ်မှုထမ်းများနှင့်ပတ်သက်ပါက ၎င်းတို့သည်တပ်မတော်၏ အင်အား တစ်ရပ်ဖြစ်၍ မောင်နှမစိတ်မွေးရန်နှင့် လုပ်ဖော်ကိုင်ဖက်များအဖြစ်သဘောထားကာ ဖေးမလက်တွဲခေါ်ယူရန်လိုကြောင်း၊ အမျိုးသမီးစစ်မှုထမ်းများအနေဖြင့်လည်း မိမိ ကြောင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်း ဂုဏ်သိက္ခာထိခိုက်စေမည့် ပြုမူပြောဆို နေထိုင်မှုများ ရှောင်ကြဉ်ရန်လိုကြောင်း၊ ရဲမေများသည် တပ်မတော်၏ အရန်အင်အား များဖြစ်ပြီး ရှဒူဇွတ်၊ ကုန်းကြမ်း၊ လုပီ၊ ဝိန်းကောင် ဖြစ်စဉ်များတွင် ရဲမေများ၏ ရဲဝံ့ စွန့်စားစွာ ရန်သူကိုတုန့်ပြန်တိုက်ခိုက်ခဲ့သည့် အစဉ်အလာမှတ်တမ်းကောင်းများရှိ ကြောင်း။
ပြည်သူ့စစ်မှုထမ်းများတွင် ကိုယ်တိုင်ဆန္ဒပြုဝင်ရောက်လာကြသူများရှိသကဲ့သို့ ဆင့်ခေါ်မှုအရ ဝင်ရောက်လာကြသူများလည်းရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာကြသော်လည်း တာဝန်ထမ်းဆောင်မှုပိုင်းတွင် ကျေနပ်အားရဖွယ်တွေ့ ရှိရကြောင်း၊ ယခုအခါ အမှတ်စဉ်(၂)အထိ တာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက် ခဲ့ရာ ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြု၍ အမှုထမ်းလိုသူများ အများအပြား တွေ့ရှိရသည့်အတွက် ဝမ်းမြောက်စွာကြိုဆိုပါကြောင်းနှင့် ရဲဘော်ရဲဘက်စိတ်ဖြင့် လက်တွဲခေါ်ရန်လိုကြောင်း၊ထို့ပြင် တပ်မတော်၏ အရန်အင်အားဖြစ်သည့် စစ်မှုထမ်း ဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက်လည်း တပ်မတော်က စစ်မှုထမ်း ဟောင်းအိမ်ရာများ ဆောက်လုပ်ပေးကာ လိုအပ်သည့်အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းစစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူများအနေဖြင့် တပ်နယ်များရှိစစ်မှုထမ်းဟောင်းမိသားစုများအား သွားရောက် တွေ့ဆုံအားပေးကာ တင်ပြချက်များအပေါ် အရေးတယူဆောင်ရွက် ပေးသွားရန် လိုကြောင်း။
ဆီဆိုင်ဒေသသည် အကြမ်းဖက်သောင်းကျန်းသူများ အလစ် အငိုက်ဝင်ရောက် တိုက်ခြင်းခံရပြီး တပ်နယ်များမှ အရာရှိ၊ စစ်သည်များနှင့် ရဲမေများ၏ ပြန်လည် တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိခဲ့ရာ ပါဝင်ခဲ့သူများ အားလုံးကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ဆီဆိုင်-ဘန်းယဉ်ဒေသရှိ တိုင်းရင်းသားပြည်သူများသည် ရိုးသားအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်သော ဒေသဖြစ်သော်လည်း အနိုင်ကျင့်ဗိုလ်ကျလိုသော အကြမ်းဖက်သောင်းကျန်းသူများ ကြောင့်သာ အကျည်းတန်ခဲ့ခြင်းဖြစ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် တပ်မတော်တစ်ရပ်တည်း နှင့်ထမ်းဆောင်၍မရဘဲ ပြည်သူပါဝင်မှသာရမည် ဖြစ်သောကြောင့် တပ်တွင်း/တပ်ပြင် စည်းလုံးညီညွတ်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ တပ်တွင်းစည်းလုံး ညီညွတ်ရေးနှင့်ပတ်သက်၍ အင်အားတည်ဆောက်ရမည်ဖြစ်သကဲ့သို့ တပ်ပြင်နှင့် ပတ်သက်ပါက ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်သည့်အတွက် ပြည်သူနှင့် တစ်သားတည်း ဖြစ်အောင်လုပ်ရန် တာဝန်ရှိကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးတွင် ခေါင်းဆောင်မှုသည် လွန်စွာအရေးကြီး၍ သမာသမတ်ရှိပြီး မျှတစွာခေါင်းဆောင်နိုင်သည့် တပ်မှူးများဖြစ်ရန်လိုပြီး သတ္တိရှိရှိ လုပ်ရဲကိုင်ရဲရန်လိုကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် စည်းမျဉ်း စည်းကမ်းဥပဒေနှင့် အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းဥပဒေကျော်လွန်ပြီး လုပ် ဆောင်ပါက မှားယွင်းမည်ဖြစ်ကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးသည် အရေးကြီးဆုံးဖြစ်သဖြင့် ခိုင်မာကျစ်လျစ် အောင်တည်ဆောက်၍ နိုင်ငံတော်ကအားထားရသော၊ ပြည်သူကအားကိုးရသော တပ်များဖြစ်အောင်တည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားပြီး အရာရှိ၊ စစ်သည်၊ ရဲမေများ၏ တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည် များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ အတွက် ချီးမြှင့်ငွေများကိုလည်းကောင်းပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်နယ်များ အလိုက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆီဆိုင်နှင့်ဘန်းယဉ်တပ်နယ်များအတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး စစ်သည်မိသားစုများနှင့် ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။








