ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံ နေပြည်တော်၊ မေ- ၁၆

Saturday, May 16, 2026 - 15:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

မြို့တစ်မြို့ချင်းစီအလိုက်ကောင်းအောင်ဆောင်ရွက်ခြင်းသည် နိုင်ငံကိုကောင်းအောင် တည်ဆောက်နေခြင်းပင်ဖြစ်သဖြင့် မိမိတို့မြို့ဖွံ့ဖြိုးတိုးတက်စေရေးအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလို

နေပြည်တော်၊ မေ- ၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စား နှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင် မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအား ဆွေးနွေးပြော ကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦးနှင့် ဦးမျိုးသန့်၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အဆင့်မြင့် အရာရှိကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊  အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ လုပ်ငန်းလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား အသီးသီးဆွေးနွေးတင်ပြ

ဦးစွာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲ ပြင်ဦးလွင်ဒေသ သို့ရောက်ရှိစဉ် ပြင်ဦးလွင်မြို့ရေရှိရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး၊ စိမ်းလန်းစိုပြေရေးတို့နှင့်ပတ်သက်၍ လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကသီးနှံများ၊ ပန်းတိုင်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုနှင့် ဒေသတွင်း ဖူလုံမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများမှ MSME လုပ်ငန်းများအတွက်လိုအပ်သည့် ရင်းနှီး မတည်ငွေများ ထုတ်ချေးပေးထားမှုနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ကော်ဖီများစိုက်ပျိုးထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချလျက် ရှိမှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကော်ဖီမြို့တော်၊ ကျန်းမာရေးမြို့တော်ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိမှု၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ အစိုးရသစ် ပထမရက် ၁၀၀ ကာလအတွင်း ဒေသ နှင့်ဒေသခံတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်လုပ်ငန်း စဉ်များလျာထား ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များက နိုင်ငံတော်သမ္မတကြီး အနေဖြင့် ပြင်ဦးလွင်ဒေသအတွင်း လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ် ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိမှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအားလုံး က ကျေးဇူးအထူးတင်ရှိလျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပြင်ဦးလွင်မြို့တွင် နှစ်စဉ် သစ်ပင်စိုက်ပွဲ များကိုအရှိန်အဟုန်ဖြင့်ကျင်းပပြုလုပ်၍ စိုက်ပျိုးလျက်ရှိမှုနှင့် သစ်ပင် စိုက်ပျိုးမှုများကို ကျေးရွာအုပ်စု၊ ကျေးရွာခွဲများအထိ စိုက်ပျိုးစေလိုမှု၊ ပြင်ဦးလွင်မြို့တွင် ကော်ဖီနှင့် ဝိုင်ထုတ်လုပ်မှုကို One Village One Product အဖြစ်လုပ်ဆောင်လျက်ရှိပြီး အထွက် နှုန်းကောင်းမွန်သည့် အရည်အသွေးပြည့်မီသော မျိုးကောင်းမျိုးသန့်ပျိုးပင်များ လိုအပ် လျက်ရှိမှု၊ ဂဲလောင်ချောင်းပြုပြင်ပြီးနောက်ပိုင်း ပြင်ဦးလွင်မြို့အတွင်း ရေကြီးရေလျှံ မှုမရှိတော့သည့်အတွက် မြို့သူမြို့သားများအနေဖြင့် အထူးကျေးဇူးတင်ရှိလျက်ရှိမှု၊  ပြင်ဦးလွင်ဒေသတွင်း နွားနို့နှင့် နို့ထွက်မလိုင်၊ ထောပတ်များထုတ်လုပ်လျက်ရှိမှုနှင့် အရည်အသွေးပိုမိုကောင်းမွန်စွာဖြင့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်း များအား ပြည်ပမှတင်သွင်းခွင့်ရရှိလိုမှု၊ ဒေသအတွင်း ကော်ဖီများစိုက်ပျိုး ထုတ်လုပ် မှုများ တိုးတက်လာသည်နှင့်အညီ နည်းပညာမြင့်စက်ပစ္စည်းများအား ပြည်ပမှ တင်သွင်းခွင့်ရရှိလိုမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မှ ရင်းနှီးမြှုပ်နှံငွေများ ထပ်မံ ထုတ်ချေးပေးစေလိုမှု၊ ကော်ဖီထုတ်လုပ်မှုတွင် ကုန်ကြမ်းအဆင့်မှ ကုန်ချောအဖြစ် ထုတ်လုပ်ရာ၌ အဆင်ပြေစေရန်အတွက် ကော်ဖီစက်ရုံများအတွက် မြေနေရာဖော် ဆောင်ပေးစေလိုမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေများကို အတိုးနှုန်းသက်သာစွာဖြင့် နိုင်ငံတော်မှ ထုတ်ချေးပေးမှုအပေါ် ကျေး ဇူးတင်ရှိလျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြ ကြသည်။

ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေး

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဆွေးနွေး ပြောကြားရာတွင်  အများသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု၊ ဇီးပင်ကြီး-ပြင်ဦးလွင်-ကျောက်မဲ ရထားခရီးစဉ် ပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်လျက်ရှိမှုနှင့် ဂုတ်ထိပ်ရှုခင်းကြည့် ရထားခရီးစဉ်အား ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိ မှု၊ အနီးစခန်းလေဆိပ်အား အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ မက်မန်းစိုက်ပျိုး ထုတ်လုပ်မှုများတိုးတက်စေရေးအတွက် တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ကို ဆောင်ရွက်ပေးသွားမည့် အခြေနေများ၊ ‌ကော်ဖီစက်မှုဇုန်ဆောင်ရွက်လိုမှုနှင့် စက် ပစ္စည်းများလိုအပ်မှုနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ကော်ဖီသောက်သုံးမှုများတိုးတက် လာသည်နှင့်အညီ မြန်မာနိုင်ငံတွင်လည်း ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများတိုးတက်လာ စေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြင်ဦးလွင်ဒေသအတွင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယာမြေများ၌ စိုက်ပျိုးမွေးမြူမှုများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ဆောင်ရွက်ရန်လိုအပ်မှု၊  ကျေးလက်ဒေသ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်စေရေး အတွက် သမဝါယမစနစ်ဖြင့် စုပေါင်းစိုက်ပျိုးမွေးမြူထုတ်လုပ်ခြင်းကို ဆောင်ရွက်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ နိုင်ငံတစ်ဝန်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် ပြင်ဦးလွင်ဒေသအတွင်း သစ်ပင် သစ်တောများ စိုက်ပျိုးထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများအားစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ထုတ်ချေးပေးလျက်ရှိမှုနှင့်ပတ်သက်၍ အသီးသီးပြန်လည်ဆွေးနွေး ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းရှင်များ၏တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများအား ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးမှာကြား

ထို့နောက် နိုင်ငံတော်သမ္မတက ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ယခင်က မိမိပြင်ဦးလွင်မြို့သို့လာရောက် ခဲ့သည့် ခရီးစဉ်များအတွင်း မြို့တွင်းလမ်းများစနစ်တကျရှိရန် လိုအပ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ရပ်ကွက်ကြီး(၈)နှင့်(၁၀)အတွင်းရှိ အဓိကကျသည့် လမ်း ၅ လမ်းအား အဆင့်မြှင့်တင်ရေးဆောင်ရွက်ခဲ့ပြီး ယနေ့တွင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့တွင် ဒေသခံများရှိသကဲ့သို့ အခြားဒေသများမှ ပြောင်းရွှေ့ရောက် ရှိလာသူများလည်းရှိကြောင်း၊ ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြို့တွင်နေထိုင်သူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင် ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နေထိုင်ရာ အိမ်ခြံမြေများ သန့်ရှင်းသပ်ရပ်မှုရှိစေ ရေး၊ စိမ်းလန်းစိုပြေမှုများ ရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း။

ပြင်ဦးလွင်ဒေသအနေဖြင့် ယခင်ဆယ်စုနှစ် နှစ်စုကာလခန့်နှင့်နှိုင်းယှဉ် ကြည့် မည်ဆိုပါကများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်မည်ဖြစ် ကြောင်း၊ ပြင်ဦးလွင်မြို့သည် သဘာဝကပေးထားသည့် ရာသီဥတုအေးချမ်းသာယာပြီး နေထိုင်ရန်ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်အဖြစ် ဆောင်ရွက်နိုင်ရေး မိမိအနေဖြင့် မူဝါဒချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ မြို့ပေါ်နေ လူဦးရေများထူထပ်များပြားလာသည်နှင့်အမျှ နေ့စဉ် အမှိုက်စွန့်ပစ်မှုများလည်းများပြားလာကြောင်း၊ ထို့ကြောင့် အဆိုပါ စွန့်ပစ်အမှိုက်များ ကို အကျိုးရှိစွာဖြင့်ပြန်လည်အသုံးချ၍ မြို့အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကဲ့သို့သော လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။

ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့ဖြစ်သည်နှင့်အညီ ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပမှုများ ပိုမိုကောင်းမွန်လာမည်ဆိုပါက ပြည်တွင်း၊ ပြည်ပ ခရီးသွားများပိုမိုများပြား စွာဖြင့် လာရောက်ကြမည်ဖြစ်ပြီး ခရီးသွားလာလည်ပတ်ရန်ကောင်းမွန်သည့်မြို့အဖြစ် ပြင်ဦးလွင်၏ ဂုဏ်ဒြပ်သည်ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ခရီးသွားများ စားသုံး ရန်နှင့် ဒေသတွင်းရှိပြည်သူများစားသုံးရန်လိုအပ်သည့် အစားအသောက်များအတွက် အသား၊ ငါးနှင့် ဥများကို ဒေသတွင်း၌ပင်လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက် သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့သို့လာရောက်သည့် ခရီးသွားများ လာချင့်စဖွယ် ဖြစ်စေရေး ဒေသထွက်စားသောက်ကုန်များ၊ ရိုးရာအဝတ်အထည်များ၊ အစား အသောက်များနှင့် ဒေသထွက်သီးနှံများ ထိုက်သင့်သည့်ဈေးနှုန်းများဖြင့် ရောင်းချပြီး ခရီးသွားများကိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးခြင်း၊ ပျူငှာစွာ ဆက်ဆံခြင်း များဖြင့် ပြင်ဦးလွင်မြို့၏ ဂုဏ်သတင်းကို မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း။

ပြင်ဦးလွင်မြို့သည် ပန်းမျိုးစုံနှင့် ရာသီသီးနှံများ စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသ ဖြစ်သကဲ့သို့ ချယ်ရီပင်များစိုက်ပျိုးဖြစ်ထွန်းသည့်ဒေသဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်မြို့ကို ချယ်ရီမြိုတော်၊ ပန်းမြို့တော်အဖြစ် တင်စားခေါ်ဝေါ်ကြခြင်းဖြစ် ကြောင်း၊ ပန်းမြို့တော်အဖြစ် ဆောင်ရွက်ရာတွင် ဒေသမျိုးရင်းပန်းမျိုးများကို ပိုမိုဖြစ် ထွန်းအောင်စိုက်ပျိုးဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ မက်မန်းစိုက်ပျိုး မှုများကိုလည်း ယခင်ကတည်းကဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့၏ ထုတ်ကုန်တစ် ခုအနေဖြင့် ရှိခဲ့ကြောင်း၊ မက်မန်းပင်များကို ယခုထက်ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြားဥယျာဉ် သီးနှံများဖြစ် သည့် ထောပတ်၊ လိမ္မော်၊ မက္ကဒေးမီးယားအပါအဝင် အခြားသီးနှံများကိုလည်း တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပိုးစာပင်များလည်းစိုက်ပျိုး ဖြစ်ထွန်း သဖြင့် ပိုးစာပင်ကိုအခြေခံသည့် ပိုးချည်မျှင်ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သဖြင့် ရေရှည်အတွက်ကြည့်၍ ပြင်ဦးလွင်ဒေသ၏ ထုတ်ကုန်တစ်ခု အဖြစ် ဆောင်ရွက်သွားနိုင်ကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ ပြင်ဦးလွင်ဒေသသည် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုနှင့် ပတ်သက်၍ ယခင်ကတည်းကနာမည်ရှိပြီး အရည်အသွေးလည်း ကောင်းမွန်မြင့်မားသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်း များကိုပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ ထို့ကြောင့် နို့စားနွားမွေးမြူရေး လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်သဖြင့် ပြင်ဦးလွင်ဒေသ၌ နို့စားနွား မွေးမြူရေးလုပ်ငန်းများ ယခုထက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြစေလို ကြောင်း။

ပြင်ဦးလွင်ဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သစ်တောသစ်ပင်များသည် အအေးဓာတ်ကို ထိန်း သိမ်းနိုင်ခြင်းကြောင့် သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းမှုများကို တာဝန်ရှိသူများ အနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြစေလိုကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင်ရှင် စနစ်ဖြင့်စိုက်ပျိုးသွားကြရန်လိုကြောင်း၊ သစ်တောသစ်ပင် များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ညီညွတ်မျှတသည့် ရာသီဥတုကို ဖော်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ ရေအရင်းအမြစ်များကိုလည်း ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့ရေလုံလောက်စွာ ရရှိစေရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရေကိုအကျိုးရှိစွာဖြင့် သုံးစွဲသွားကြရန်လိုကြောင်း၊ အလားတူ မိုးရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်သွားကြရန်နှင့် အမှိုက်သရိုက်များ ရှင်းလင်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့သည် ပညာရေးနှင့်ပတ်သက်၍ အစဉ် အလာကောင်းမွန်သည့်မြို့တစ်မြို့ဖြစ်ကြောင်း၊ ပုဂ္ဂလိကကျောင်း ၂၅ ရာခိုင်နှုန်းခန့် ရှိပြီးပညာရေးကို ကြိုးစားမြှင့်တင်နေကြကြောင်း၊ နိုင်ငံတော်မှဖွင့်လှစ်ထားသော ကျောင်းများအနေဖြင့် ပညာရေးကဏ္ဍ မြင့်မားရေးကို အားပေးဆောင်ရွက်သွားကြစေ လိုပြီး ကျောင်းများအားလုံး စနစ်တကျ ဖြစ်စေရေး၊ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖြစ်စေရေးကြပ်မတ်ဆောင်ရွက်သွားရန် လည်းလိုကြောင်း၊ သက်ဆိုင်ရာအတန်း အလိုက် သင်ကြားပေးလိုက်သည့်ပညာရပ်များကို အမှန်တကယ်တတ်မြောက်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် သင်ကြားပေးသွားရန်လိုကြောင်း၊ မိမိတို့၏ သားသမီးများ ပညာတတ်များဖြစ်စေရေးနှင့် စည်းကမ်းကောင်းသည့် လူငယ်များ၊ မျိုးချစ်စိတ်နှင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များ၊ ဂါရဝတရားများဖြင့် နေထိုင် တတ်သည့်လူငယ်များဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းနေရာ ခိုင်နှုန်းမြင့်မားရေးနှင့်တန်းစဉ်ကူးပြောင်းမှုများ မြင့်မားစေရေးဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ၏ တစ်ဦးချင်းဘဝတိုးတက်ရေးနှင့် အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် အလေးထားဆောင် ရွက်သွားရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ချိန် ကာလအတွင်း ပညာရေးကဏ္ဍ အတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတိုးတက်ရေး အတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော် ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေး ကဏ္ဍများပါဝင်ပါက နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်း ကိုအသုံးပြု သွားမည်ဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ပညာရေးကဏ္ဍ အတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည် ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ် တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်မြို့ကိုလည်း ပညာရေးနှင့်ပတ်သက်၍ စံပြမြို့ဖြစ် အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။

အားကစားကဏ္ဍနှင့်ပတ်သက်၍ ခရိုင်အားကစားကွင်းအားပြန်လည်ပြင်ဆင်ပေး လျက်ရှိပြီး ရပ်ကွက်အလိုက် အပန်းဖြေနေရာများ၊ ပန်းခြံများ၊ အားကစားကွင်းများ ဆောက်လုပ်ပေးသွားရန်လိုကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားများ လုပ်ဆောင် ခြင်းဖြင့် ကလေးငယ်များ၊ လူငယ်များအနေဖြင့်ကျန်းမာကြံ့ခိုင်မှုများ တိုးတက်ကောင်း မွန်လာမည်ဖြစ်ကြောင်း၊ လူငယ်များ၏အားကစားမြှင့်တင်နိုင်ရေးအတွက် အခြေခံ ပညာကျောင်းများမှစတင်၍ ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရပ်ကွက်များအလိုက် အားကစားကွင်းများ၊ ကလေးကစားကွင်းများနှင့် အပန်းဖြေနေရာများကို ဖော်ဆောင် ပေးသွားရန်လိုကြောင်း။

          ကျေးလက်ဒေသများ၌ ကျန်းမာရေးနှင့်လျော်ညီသည့် ယင်လုံအိမ်သာနှင့် ရေ လောင်းအိမ်သာများဖြစ်စေရေး လူထုလှုပ်ရှားမှုအသွင်ဖြင့်ဆောင်ရွက်သွားကြရန်လို ကြောင်း၊ စာကြည့်တိုက်များကိုလည်း ဖွင့်လှစ်ပေးသွားရန်လိုကြောင်း၊ အလယ်တန်း အဆင့်ကျောင်းများအားလုံးနှင့် ကျေးရွာများအလိုက် စာကြည့်တိုက်များရှိရမည် ဖြစ်ကြောင်း၊ စာကြည့်တိုက်များအတွင်း ဗဟုသုတနှင့်အသိပညာ၊ အတတ်ပညာများ ရရှိစေမည့် စာအုပ်စာပေများကိုထားရှိနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အမှန်တကယ်ဖတ်ရှုစေရေးအတွက်လည်း စည်းရုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊  ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းပြင်ပပညာရှာမှီးရန်အထောက်အကူရသည့် အပြင် အသိပညာ၊ အတတ်ပညာရှိသည့်ပြည်သူများ ပိုမို များပြားလာမည်ဖြစ်ကြောင်း။

          MSME လုပ်ငန်းများနှင့်ပတ်သက်၍ ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုနှင့် လူသားအရင်းအမြစ်များရှိမှသာ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည်ပင် SME လုပ်ငန်းကိုအခြေခံ၍ စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဆက်လက်၍လည်း ဆောင် ရွက်နေကြဆဲဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းကိုအသုံးပြု၍ စား သောက်ကုန်လုပ်ငန်းများ ဆောင်ရွက်ရန်လိုသကဲ့သို့ ပြည်တွင်းလိုအပ်လျက်ရှိသည့် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊  ပြည်တွင်းကုန်ထုတ် လုပ်မှုများတိုးတက် အောင်ဆောင်ရွက်ပြီးထုတ်ကုန်များအား ပြည်ပသို့တင်ပို့နိုင်ခြင်း ဖြင့်နိုင်ငံခြားငွေများ တိုးတက်ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့များ သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး မြို့တစ်မြို့ချင်းစီအလိုက်ကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံကိုကောင်းအောင် တည်ဆောက်နေခြင်းပင်ဖြစ်သဖြင့် မိမိတို့ မြို့ဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံများနှင့် ဒေသတွင်တာဝန်ထမ်းဆောင်နေသူများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားလို ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထား သည့် ပြင်ဦးလွင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်စားသောက်ကုန်များ ခင်း ကျင်းပြသထားရှိမှုအပေါ် လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင်တန်းကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ် ဖောက်လုပ်နေသည့်လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး လုပ်ငန်းဆောင် ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လမ်းသစ်ဖောက်လုပ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်း လင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ က လမ်းသစ်ဖောက်လုပ်နေမှု အား မိုးမကျမီ ပြီးစီးအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းဘေးတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ စနစ်တကျထည့်သွင်းဖောက်လုပ် သွားရန်လိုကြောင်း၊ လမ်းနယ်အတွင်း အရိပ်ရလေကာပင်များ စနစ်တကျထည့်သွင်း စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် လမ်းကြောင်းတစ်လျှောက် လမ်းဖောက်လုပ် ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ တံတားများ ထည့်သွင်းတည်ဆောက်ထားရှိမှုများ နှင့် ဗဟိုမီးသတ်သင်တန်းကျောင်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြင်စာကျေးရွာအနီး ရတနာပုံမြို့သစ်စီမံ ကိန်းရှိ ရတနာပုံတယ်လီပို့ အဆောက်အဦသို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ရတနာပုံမြို့သစ်စီမံကိန်းဆိုင်ရာ အချက်အလက် များ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရတနာပုံမြို့သစ်စီမံကိန်းသို့ နိုင်ငံတော်အကြီး အကဲ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ များ၊ လမ်း၊ ရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိမှု တို့ကိုလည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲ နှင့် ပြပွဲအခမ်းအနားကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့် ရရှိခဲ့သည့် အကျိုးရလာဒ်များ၊ ရတနာပုံ မြို့သစ် စီမံကိန်းအတွင်း စိမ်းလန်းစိုပြေရေး ဆောင်ရွက်သွားမည့် အစီအမံများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။          

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ရတနာပုံမြို့သစ် စီမံကိန်း ဧရိယာအတွင်း သောက်သုံးရေများ လုံလောက်စွာရရှိရေးနှင့် လျှပ်စစ်မီးလိုအပ်ချက် အားဖြည့်ဆည်းပေးနိုင်ရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းများဖြင့် စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများ တည်ဆောက် ရာတွင်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်စေရန်လိုကြောင်း၊ စီမံကိန်း ဧရိယာအတွင်း စိမ်းလန်းစိုပြေရေး၊ ရေအရင်းအမြစ်များကို အပြည့်အဝနှင့်အကျိုး ရှိရှိအသုံးချနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရတနာပုံမြို့သစ် စီမံကိန်း အတွင်း ဒီဂျစ်တယ်၊ အိုင်တီ နှင့် အေအိုင် နည်းပညာများ တိုးတက်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းဆောင် ရွက်မည့် ကုမ္ပဏီများအနေဖြင့်လည်း ဒီဂျစ်တယ်၊ အိုင်တီ နှင့် အေအိုင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေမည့် အထောက်အကူပြုပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများကိုသာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်းအိမ်ရာများ၊ သွားရေးလာရေးနှင့် အုပ်ချုပ်မှု ကိစ္စရပ်များ အဆင်ပြေစေရေးအတွက်လည်း စီမံဆောင်ရွက်သွားရန်လိုပြီး Master Plan ကို စနစ်တကျရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ Master Plan ကို စနစ် တကျရေးဆွဲပြီးမှသာလျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ယင်းနောက်  နိုင်ငံတော်သမ္မတ နှင့် အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ် စီမံကိန်း ဧရိယာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။