ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အရှေ့ဘက်ကမ်း တစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်းနှင့် တရားမ ဝင်ပြည်ပ နိုင်ငံသားများလည်း ရှိနေကြောင်း သတင်းများအရ ဌာနဆိုင်ရာ တာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲ့များက ရှာဖွေစစ်ဆေးမှုများကို အင်တိုက်အား တိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း များလုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသား ၇ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လိုအပ်သည့် ရှာဖွေစစ်ဆေး မှုများ ဆက်လက်လုပ်ဆောင်စဉ် မက်မန်းမြို့၏ အနောက်တောင်ဘက် ၄၅ ကီလိုမီတာ ခန့်အကွာရှိ သံလွင်မြစ်အနီးတစ်ဝိုက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန် ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား ၁ ဦး ကို ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်းကောင်း၊ ထပ်မံ၍ တရားမဝင် တရုတ်နိုင်ငံသား ၁ ဦးကို မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း၊ တရားမဝင် တရုတ်နိုင်ငံသား ၅ ဦးကို မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ရာ အွန်လိုင်းလိမ် လည်လောင်းကစားမှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် စုစုပေါင်း တရားမဝင် တရုတ်နိုင်ငံသား ၇ ဦး ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေ သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည် တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက် ကြွစွာဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်း လိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများ ကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်း များနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


