နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင် အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၁၄၆ ဦးတို့သည် ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊နှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မ များအား အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် လက်လုပ်ပစ္စတိုသေနတ် ၅ လက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၆ လက်နှင့် စကား ပြောစက် ၂ လုံး တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်လုပ်ပစ္စတိုသေနတ် ၅ လက်အတွက် ငွေကျပ် ၂၅ သိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၆လက်အတွက် ငွေကျပ် သိန်း ၃၀၀၊ စကားပြောစက် ၂လုံး အတွက် ငွေကျပ် ၄ သိန်း နှင့် အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၁၉သိန်း၊ စုစုပေါင်း ငွေကျပ် ၃၄၈ သိန်းနှင့် စာသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံ ပေးကြသည်။
အလားတူ ပစ္စတိုသေနတ် ၁ လက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၉ လက်၊ လက်ပစ်ဗုံး ၇၁ လုံးနှင့်အတူ ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၆၆ ဦး တို့အား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ အောင်စစ်သည်ခန်းမ၌ လည်းကောင်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁၇ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ မိုင်း ၁ လုံးတို့နှင့်အတူ ဉပဒေ ဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄၃ ဦးအား ကလေးမြို့ရှိ အောင်ဆန်း ခန်းမ၌ လည်းကောင်း၊ လက်ပစ်ဗုံး(၁)လုံးနှင့်အတူ ဉပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း(၁၈)ဦး တို့အား ရွှေဘိုမြို့ရှိ အောင်ဇေယျခန်းမ၌ လည်းကောင်း မိဘအုပ် ထိန်းသူများထံ ပြန်လည်လွှဲ ပြောင်းအပ်နှံခြင်းကို ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား သက်ဆိုင်ရာတာဝန်ရှိ သူများက ပစ္စတိုသေနတ် ၁လက်အတွက် ဆုကြေးငွေကျပ် ၅ သိန်း၊ မောင်းပြန်ရိုင်ဖယ် သေနတ် ၂၆လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၃၀၀၊ လက်ပစ်ဗုံး ၇၄ လုံးအတွက် ဆုကြေးငွေ ကျပ် ၂၂၂ သိန်း၊ မိုင်း ၁လုံးအတွက် ဆုကြေးငွေကျပ် ၃သိန်းနှင့် အလင်းဝင် ရောက်လာ သူများအတွက် ငွေကျပ် ၁၂၇သိန်း၊ စုစုပေါင်း ၁၆၅၇ သိန်းနှင့် စားသောက် ဖွယ်ရာများကို ပေးအပ်ကြ ရာ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများက လက်ခံရယူကြ သည်။
ယနေ့အခမ်းအနားများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှု အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ဆားလင်းကြီး မြို့နယ်မှ အမျိုးသား ၁ဦး၊ ပုလဲမြို့နယ် အမျိုးသား ၁၁ဦး၊ အမျိုးသမီး ၁ဦး၊ မုံရွာမြို့နယ်မှ အမျိုးသား ၃ ဦး၊ မြင်းမူမြို့နယ်မှ အမျိုးသမီး ၂ ဦး၊ ဟုမ္မလင်းမြို့နယ်မှ အမျိုးသား ၅ဦး၊ အမျိုးသမီး ၁ဦး၊ တမူးမြို့နယ်မှ အမျိုးသား ၂ ဦး၊ ကလေးမြို့နယ်မှ အမျိုးသား ၃၃ဦး အမျိုးသမီး ၂ဦး၊ စစ်ကိုင်းမြို့နယ်မှ အမျိုးသား ၅၆ဦး၊ အမျိုးသမီး ၅ ဦး၊ ထီးချိုင့်မြို့နယ်မှ အမျိုးသား ၄ ဦး၊ ကသာမြို့နယ်မှ အမျိုးသား ၁ဦးနှင့် ရွှေဘိုမြို့နယ်မှ အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၂ဦး စုစုပေါင်း ပေါင်း ၁၄၆ ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်း အဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး၍ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဉပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံ ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။


