ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ - ၁၄

Thursday, May 14, 2026 - 15:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ရထားပို့ဆောင်ရေးကို ပြည်သူများယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝအားကိုး အသုံးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်လို

နေပြည်တော်၊ မေ - ၁၄

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင် ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားစက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာန စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)သို့ သွားရောက်၍ ရထားပို့ဆောင်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ် ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။  

          ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စက်ခေါင်းသစ် တပ်ဆင်ထုတ် လုပ်ရေးစက်ရုံ(နေပြည်တော်)သို့ ရောက်ရှိကြရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

တိုင်းပြည်နှင့် ပြည်သူ့အကျိုးကိုဖော်ဆောင်ပေးနိုင်သည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းရပ်တစ်ခုဖြစ်

          ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ နိုင်ငံတော်သမ္မတက ရထားပို့ဆောင်ရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင်   မိမိတို့ နိုင်ငံ၌ ရထားပို့ဆောင်ရေးကို ၁၈၇၇ ခုနှစ်တွင် ရန်ကုန်-ပြည် ရထားလမ်းပိုင်းစတင် ဖွင့်လှစ်ပြေးဆွဲခဲ့ပြီး အရှေ့တောင်အာရှတွင် အစောဆုံးသော ရထားပို့ဆောင်ရေးစနစ် ကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇယ်စက်ခေါင်းအသုံးပြုရာတွင်လည်း အစော ဆုံးဖြစ်ခဲ့ကြောင်း၊ မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် ၂၀၂၇ ခုနှစ်တွင် နှစ်ပေါင်း ၁၅၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး နှစ်ပေါင်း ၁၅၀ ခန့်ရှိပြီဖြစ်သည့် ရထားပို့ဆောင်ရေး စနစ်သည် ယခုထက် ပိုမို၍ဖွံ့ဖြိုးတိုးတက်သင့်သည်ဟုထင်မြင်မိကြောင်း၊ လက်ရှိ မြန်မာ့မီးရထားတွင် ဧကလမ်း ၃၄၈၃ မိုင်၊ ဒွေးလမ်း ၃၈၅ မိုင်၊ စုစုပေါင်းရထားလမ်းမိုင် ၃၈၆၈ မိုင်ရှိပြီဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေးသည် ခရီးသွားပြည်သူများ၏ အကျိုး ကိုဖော်ဆောင်ပေးနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း အကျိုးရှိသည့် လုပ်ငန်းရပ် တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင်လည်း ရထားပို့ဆောင်ရေး စနစ် ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အကျိုးရှိစွာ အသုံးပြုလျက်ရှိသည်ကို တွေ့မြင်ရမည် ဖြစ် ကြောင်း။

ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားဘူတာရုံစင်္ကြံများ၊ ရထား လမ်းကူးများ၊ တံတားများ၊ အခြားဖြစ်နိုင်ဖွယ်ရှိသည်များအားလုံးကို လေ့လာတွက်ချက်၍ စနစ်တကျဖြင့် အဆင့်မြှင့်တင်သွားရန်

          မြန်မာနိုင်ငံရှိ ရထားလမ်းများအနေဖြင့် သတ်မှတ်အရည်အသွေးများနှင့် အဆင့် မီမှုအားနည်းလျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ရထားလမ်းများ အရည်အသွေးနှင့် အဆင့်မီမှုရှိမှသာလျင် ရထားများကို မြန်နှုန်းမြင့် မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်သဖြင့် ရထားလမ်းများအဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရထားလမ်း များအဆင့်မြှင့်တင်ရာတွင်ရထားသံလမ်းများ၊ ဇလီဖားတုံးများ၊ အောက်ခံကျောက်များ သတ်မှတ် အရည်အသွေးပြည့်မီရမည်ဖြစ်သကဲ့သို့ ရထားလမ်းကွေ့နေရာများ၊ အနိမ့် အမြင့်နေရာများကိုလည်း စနစ်တကျထည့်သွင်း တွက်ချက်ဆောင်ရွက်သွားကြရန်လို ကြောင်း၊ မိမိအနေဖြင့် မီးရထားလမ်းများအဆင့်မြှင့်တင်ရေးအတွက် ပြုပြင်ပြောင်း လဲမှုများ များစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

          ရထားပို့ဆောင်ရေးကို ပြည်သူများ ယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝအားကိုး အသုံးပြုနိုင်ရေးအတွက်  မိမိတို့အနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအရ လောင်စာဆီအခက်အခဲ များကို ကြုံတွေ့ရလျက်ရှိကြောင်း၊ ထိုသို့ ကြုံတွေ့နေရသည့်အချိန်တွင် မိမိတို့အနေ ဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး Public Transportation ကို ကောင်းမွန် အောင်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ပို့ဆောင်ရေးစနစ်များတွင် လေယာဉ်၊ မော်တော်ယာဉ်၊‌ ရေယာဉ်နှင့် ရထား ပို့ဆောင်ရေးဟူ၍ရှိပြီး ရထားသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများ ပို့ဆောင်ပေး နိုင်သည့် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ကြောင်း၊ ရထားပို့ဆောင် ရေးလုပ်ငန်းသည် နိုင်ငံအတွက်အမှန်တကယ် အကျိုးရှိသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး ရထားကိုအသုံးပြုခြင်းကြောင့် လောင်စာဆီများသုံးစွဲရမှုကို လည်း သက်သာစေနိုင်ကြောင်း၊ ရထားပို့ဆောင်ရေးစနစ်ကို ပြည်သူများပိုမို အားကိုး လာစေရေး ရထားနှင့်ပတ်သက်၍ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မြန်မြန်ဆန်ဆန်နှင့် ပို့ဆောင်နိုင်မည်ဆိုပါက ရထားကိုစီးနင်းသုံးစွဲသူများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် အဓိကကျ သည့် မီးရထားလမ်းများ၌ ကုန်စည်များအမြဲမပြတ် ပို့ဆောင်ပြေးဆွဲနိုင်ရေးအတွက် လည်း ဆောင်ရွက်နေရန်လိုကြောင်း။ 

          ရန်ကုန်-မန္တလေး ၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် စသည့် ရထားလမ်းများ ကို ဦးစားပေးအနေဖြင့် အဆင့်မြှင့်တင်ပြုပြင်သွားကြရမည်ဖြစ်ကြောင်း၊ ရထားတွဲများ မည်မျှပင် ကောင်းသည်ဖြစ်စေ ရထားလမ်းများကောင်းမွန်မှုမရှိပါက ထိရောက် ကောင်းမွန်မှုရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် ရထားလမ်းများ အဆင့်မီကောင်းမွန် ရေးကို မဖြစ်မနေ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရထားလမ်းများကို အပိုင်းလိုက် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ရာတွင် ယခင်က ဂျပန်နိုင်ငံမှ ချေးငွေများဖြင့် ဆောင်ရွက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် တုန့်ဆိုင်းနေသဖြင့် နောက်ပိုင်းတွင် နိုင်ငံတော်၏ဘဏ္ဍာငွေမှစိုက်ထုတ်၍ အဆင့်မြှင့်တင်ခြင်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်သူများ၏သွားလာမှု အဆင်ပြေချောမွေ့ စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လက်ရှိ ၇၅ ပေါင်သံလမ်းများကိုလည်း အဆင့်မြှင့်တင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ၁၁၀ ပေါင်သံလမ်းများ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက်လည်း ဆက်လက်လျာထား စဉ်းစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရထားလမ်းများကောင်းမွန်စေရေး အတွက် အဓိကအနေဖြင့်ကျောက်များ သတ်မှတ်ချက်များနှင့်အညီစံချိန်စံညွှန်း ပြည့်မီစွာ ထည့်သွင်းနိုင်ရမည်ဖြစ်ကြောင်း၊ ကျောက်များအား သတ်မှတ်ချက်များ နှင့်အညီ ပြည့်မီအောင် ထည့်သွင်းထားရှိခြင်းဖြင့် ဇလီဖားတုံးများအား ထိန်းညှိ ပေးခြင်း၊ ဝန်ကိုမျှတစေခြင်း၊ တုန်ခါမှုများအား ထိန်းညှိပေးခြင်း၊  ရေစီးရေလာကို ကောင်းမွန်စေခြင်း၊ လမ်းကြောင်းတစ်လျှောက် ပေါင်းမြက်နှင့် အပင်များပေါက်ရောက် မှုကို လျှော့ချပေးခြင်း၊ အသံနှင့်အပူတို့ကို လျှော့ချပေးခြင်းစသည့် အကျိုးကျေးဇူး များကိုရရှိစေနိုင်မည်ဖြစ်ကြောင်း၊မိမိတို့နိုင်ငံအနေဖြင့် ထိုကဲ့သို့သော အကျိုးကျေးဇူး များ ရရှိခံစားနိုင်စေရေး ကျောက်များခင်းကျင်းခြင်းကို စနစ်တကျဖြင့် ဆောင်ရွက် သွားကြရန်လိုကြောင်း၊ လိုအပ်သည့် ကျောက်များရရှိရန်အတွက်လည်း မိမိတို့ အနေဖြင့် အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထား ရှိပြီးဖြစ်သဖြင့် အကျိုးရှိရှိ အသုံးချသွား ကြရန်လိုကြောင်း။

          ရထားလမ်းအဆင့်မီရေးတွင် ကျောက်ပြည့်မီအောင် ဖြည့်သွင်းဆောင်ရွက်ခြင်း သည်အရေးကြီးသကဲ့သို့ ဇလီဖားတုံးများအား သတ်မှတ်ထားသည့် အကွာအဝေးများ၌ အရေအတွက်ပြည့်မီစွာဖြင့် အရည်အသွေးပြည့်မီအောင် ထည့်သွင်းထားရှိရန်လည်း လိုအပ်ကြောင်း၊ ထို့ပြင် ရထားလမ်းကွေ့နေရာများကိုလည်း သတ်မှတ်အမြန်နှုန်း နှင့်အညီမောင်းနှင်နိုင်ရေး စနစ်တကျလေ့လာ၍ ပြန်လည်တွက်ချက်ပြင်ဆင်ခြင်း၊ Super Elevation များထည့်သွင်းခြင်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ၇၅ ပေါင် စံကိုက်လမ်းကို အမြန်နှုန်းမည်မျှအထိ မောင်းနှင်နိုင်မည်ကို စမ်းသပ်မောင်းနှင် သွားရန်လိုကြောင်း၊ အမြန်နှုန်းများမြှင့်တင် ဆောင်ရွက်နိုင်ခြင်းဖြင့် ခရီးသွားပြည်သူ များအတွက် အချိန်ကုန်သက်သာစေနိုင်မည်ဖြစ်ကြောင်း။

          ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားဘူတာရုံစင်္ကြံများ၊ ရထား လမ်းကူးများ၊ တံတားများ၊ အခြားဖြစ်နိုင်ဖွယ်ရှိသည်များအားလုံးကိုလည်း လေ့လာ တွက်ချက်၍ စနစ်တကျဖြင့်အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ စင်္ကြံနှင့် ရထားကြမ်း ခင်းများ Level ညီရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကကျသည့် ဘူတာ များကို ကြိုတင်ပြင်ဆင်ပြီး ကျန်ရှိသည့်ဘူတာငယ်များကို ဆက်လက်ပြင်ဆင် ဆောင် ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းတစ်လျှောက်ရှိ ရထားလမ်းကူးများ၊ တံတားများ နှင့် ပတ်သက်၍လည်း ရထားသံလမ်းများအဆင့်မြှင့်တင်သွားမည်ဆိုပါက တံတားများ ကိုလည်း မြှင့်တင်နိုင်ရေးစနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထား လမ်းကြောင်းများတစ်လျှောက်၌ အသွားအလာများပြားသည့် ရထားလမ်းကူး နေရာ များ၌လည်း ကုန်းကျော်တံတားများတည်ဆောက်ခြင်း၊ လမ်းကူးအချက်ပြ စနစ်များ စနစ်တကျဖြစ်အောင်ဆောင်ရွက်ပေးခြင်း၊ ရထားဖြတ်သန်းချိန်၌ ဂိတ်တံခါးများ စနစ် တကျဖြင့် အဖွင့်၊ အပိတ်ဆောင်ရွက်ပေးခြင်းတို့ကိုလည်း စနစ်တကျဖြင့် သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပမာအားဖြင့် ရန်ကုန်မြို့ပတ်ရထား လမ်းကြောင်း တစ်လျှောက်၌ စနစ်တကျဖြစ်စေရေးဆောင်ရွက်သွားရမည်ဖြစ်ပြီး နောင်အနာဂတ် ကာလတွင် မြေအောက်ရထားလမ်းများ တည်ဆောက်အသုံးပြု နိုင်သည်အထိ စနစ် တကျ သုတေသနပြု တွက်ချက်ဆောင်ရွက်ထားရှိရန်လိုကြောင်း။

          ရထားတွဲများအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍လည်း ရထားတွဲများအား စံနှုန်း တစ်ခုသတ်မှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်ကတည်းက မီး ရထားတွဲများ တည်ဆောက်ခဲ့သည့် အတွေ့အကြုံများစွာ ရှိပြီးဖြစ်သဖြင့် ပြည်တွင်း၌ ရထားတွဲများလုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရထားတွဲများ၏ အလျား၊ အနံ များအနေဖြင့် တူညီမှုမရှိကြသည်ကိုလည်း လေ့လာတွေ့ရှိရသဖြင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ရထားတွဲများဖြစ်စေရေး၊ ခရီးသွားပြည်သူများ ချောင်ချောင်ချိချိ သက် သက်သာသာဖြင့် စီးနင်းနိုင်သည့် ရထားတွဲများဖြစ်စေရေး စနစ်တကျဖြင့် လေ့လာ၍ သုတေသနပြု တွက်ချက်တည်ဆောက်ထုတ်လုပ်သွားကြရန်လိုကြောင်း၊ လက်ရှိအချိန် တွင် ဘတ္ထရီလျှပ်စစ်စက်ခေါင်း (Battery Electric Locomotives - BEL)နှင့် ဘတ္တရီ လျှပ်စစ်ရထားတွဲ (Battery Electric Multiple Unit - BEMU)များကို တည်ဆောက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြစ်ရန်လို ကြောင်း။    

          မီးရထားတွဲများနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် စံနှုန်းတစ်ခုအား သတ်မှတ်သွားရန်လိုပြီး နောင်တွင် ပုဂ္ဂလိကမီးရထားလုပ်ငန်းများပေါ်ပေါက်လာပါက လည်း ချမှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီဖြစ်ရန်လိုကြောင်း၊ မီးရထားစီး ခရီးသည်များအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြစ်စေရေး အသိပညာပေးခြင်း၊ ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ မီးရထားဝန်ထမ်း များအနေဖြင့်လည်း မိမိတို့၏ မီးရထားတွဲများအားလုံး သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အသေးစိတ်မှစ၍ ဝန် ဆောင်မှုကောင်းပေးနိုင်ရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မီး ရထားစီးနင်းသူ ခရီးသွားပြည်သူများအနေဖြင့် စည်းကမ်းချက်များနှင့်အညီလိုက်နာ၍  စီးနင်းလိုက်ပါ‌ရေးအတွက်လည်း မီးရထားဝန်ထမ်းများက တိုက်တွန်းဆောင်ရွက်သွား ရန်လိုကြောင်း။

          ရထားခေါင်းတွဲများနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် အသုံးပြုနေသည့် ရထားစက်ခေါင်းအမျိုးအစားများစွာရှိပြီး မည်သည့်ရထားစက်ခေါင်းကို အသုံးပြုသည် ဖြစ်စေ စက်ခေါင်းကောင်းမွန်ကြံ့ခိုင်မှုရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင် ရွက်သွားကြရန်လိုကြောင်း၊ရထားစက်ခေါင်းများ၊ ရထားတွဲများအားလုံး ကြံ့ခိုင်ကောင်း မွန်မှုရှိစေရေးအတွက် စနစ်ကျနသည့် စစ်ဆေးမှုရှိရန်လိုပြီး အသုံးပြုနေသည့် ကာလ အတွင်းစနစ်များအားလုံး ကောင်းမွန်နေစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားစက်ခေါင်းများ၊ မီးရထားတွဲများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆေးများစနစ်တကျ ဖြစ်စေရေးနှင့် ရထားတွဲများအားလုံးကောင်းမွန်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း။

ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းများ  ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထည့်သွင်းစဉ်းစားရန်လို

          ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရထားလမ်းများဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင် ရေးအတွက်ကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အသွားအလာ များပြားသည့် ရန်ကုန်-ပြည် လမ်းပိုင်းကို ဒွေးလမ်းအဖြစ်အဆင့်မြှင့်တင်သွားရန်လို ကြောင်း၊ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ် အထိ သွားရောက်နိုင်သည့် ရထားလမ်း တည်ဆောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ရေးနှင့် ထားဝယ်အပိုင်း တွင် လက်ရှိလမ်းထက်ကောင်းမွန်မည့် ပင်လယ်ကမ်းခြေတစ်လျှောက်မောင်းနှင်နိုင် သည့် ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သောလမ်းတစ်ခုဖြစ်အောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်-ပုဂံ သွားရထားလမ်းအား ပြန်လည်ပြင်ဆင်အဆင့်မြှင့် တင်ရာတွင်လည်း သာယာလှပပြီး ရှုမောဖွယ်ဖြစ်သည့် ရှုမျှော်ခင်းများပါရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားစီးခရီးသည်များအနေဖြင့် သာယာသည့် သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုစီးနင်းလိုက်ပါကာ ပုဂံရှေးဟောင်းယဉ် ကျေးမှု နယ်မြေမှ ဘုရားစေတီပုထိုးများကို ရောက်ရှိဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် ရထားစီးခရီးသည်များနှင့် ခရီးသွားများကို ပိုမိုဆွဲဆောင် စေနိုင်မည်ဖြစ် ကြောင်း။

          ဇီးပင်ကြီး-ပြင်ဦးလွင်-နောင်ချို-သီပေါ မီးရထားလမ်းကြောင်း၊ သာစည်-ကလော-တောင်ကြီး-နောင်ကား မီးရထားလမ်းကြောင်းတို့အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်း များဆောင်ရွက်ပြီး ပုံမှန်အတိုင်း ပြေးဆွဲပေးနိုင်ရန်လိုကြောင်း၊ လမ်းကြောင်း တစ်လျှောက်ရှိ လွန်းထိုးရှောင်လမ်းများ ရှာဖွေ၍ လွန်းထိုးများလျှော့ချခြင်း၊ အဆင့်မြှင့် တင်ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

          ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရထားပို့ဆောင်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း Video Clip အားကြည့်ရှုကြသည်။

ယင်းနောက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက မြန်မာ့မီးရထားသမိုင်းအကျဉ်း၊ လက်ရှိပြေးဆွဲလျက်ရှိသည့် ရထား လမ်းပိုင်းများနှင့် လူစီးရထားများ၊ ကုန်ရထားများ ပြေးဆွဲလျက်ရှိမှု၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ရထားလမ်းပိုင်း၊ တံတားနှင့် ဘူတာရုံများ အသစ်တည်ဆောက်ခြင်း ပြုပြင် ခြင်းများဆောင်ရွက်ခဲ့မှု၊ မီးရထားစက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်ခဲ့မှု၊ ဘက်ထရီလျှပ်စစ် စက်ခေါင်းသစ်များ တည်ဆောက်ထုတ်လုပ်နေမှုနှင့် ထုတ်လုပ် တပ်ဆင်ပြီးသည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းများဖြင့် ပြေးဆွဲလျက်ရှိမှု၊ ရေနွေးငွေ့ စက်ခေါင်းများ ပြန်လည်ပြုပြင်မွမ်းမံထားရှိမှု၊ DEMU များ ရောက်ရှိပြေးဆွဲလျက်ရှိမှု၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ တွဲအသစ်များဝယ်ယူတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ လက်ရှိဆောင်ရွက်နေသည့် စက်ခေါင်းနှင့်တွဲ ပြောင်းလဲ တည်ဆောက် ခြင်းလုပ်ငန်းများ ‌ဆောင်ရွက်လျက်ရှိမှု၊ ဘတ္တရီလျှပ်စစ် ရထားတွဲ (Battery Electric Multiple Unit - BEMU) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ရထား လမ်းပိုင်းများနှင့် တံတားများ ဆက်လက်တည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း တည်နေရာ နှင့် သမိုင်းအကျဉ်း၊ ဖွဲ့စည်းပုံ၊ လေ့ကျင့်ရေးနှစ်အလိုက် သင်တန်းများ ဖွင့်လှစ်သင်ကြား လျက်ရှိမှု၊ မြန်မာ့မီးရထားဆိုင်ရာ သင်တန်းများတွင် စစ်သည်သင်တန်းသားများ ပါဝင်တက်ရောက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ရထားလမ်းအဆင့်မြှင့်တင် ခြင်းများ၊ ဘူတာရုံအသစ်များတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် စနစ်တကျ ဖြင့် ကြိုတင်တွက်ချက်ပြီးမှသာ တည်ဆောက်သွားရန်လိုပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြင်ဆင်ထိန်းသိမ်းစရိတ်များကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရေနွေးငွေ့သုံး မီး ရထားစက်ခေါင်းများအား ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် ပြန်လည်ပြင်ဆင်ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားတွဲများ တည်ဆောက်မှုနှင့်ပတ်သက်၍ ရေရှည်ကိုကြည့်ပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဘက်တ္ထရီစက်ခေါင်းဖြင့်မောင်းနှင်ခြင်းနှင့် လျှပ်စစ်ကြိုးသွယ်တန်း၍ မောင်းနှင်ခြင်း တို့၏ အားသာချက်နှင့် အားနည်းချက်များကို ဖော်ထုတ်သွားရန် လိုကြောင်း။

          မီးရထားဝန်ထမ်းများ ဖွဲ့စည်းခန့်အပ်ထားရှိမှုနှင့် ပတ်သက်၍လည်း စနစ်တကျ ရှိစေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ သက်ဆိုင်ရာအဆင့်အလိုက် ရာထူးများ ခန့်အပ်ခြင်း၊ထောက်ပံ့ရေးစရိတ်များ ထုတ်ပေးခြင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများကို လည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် သင်တန်း ဖွင့်လှစ်သည်မှစတင်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြား နိုင်ငံများ၏ ရထားပို့ဆောင်ရေးနှင့် ပတ်သက်သည့် ဖွင့်လှစ်လျက်ရှိသော သင်တန်းများ ကိုလည်း လေ့လာဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်အနာဂတ်တွင် မီးရထားပြေး ဆွဲမှုအား ပုဂ္ဂလိကနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားဆွေးနွေးသည်။

          ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)အတွင်း၌ ဘတ္ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU) များ၊ ဘတ္ထရီလျှပ်စစ်စက်ခေါင်းသစ် (BEL)များ နှင့် ဘက်ထရီတွဲများ တည်ဆောက်နေ မှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံ တော်သမ္မတ က ဘတ္ထရီလျှပ်စစ်ရထားတွဲဆိုင်း(BEMU)များကို ရန်ကုန်မြို့ပတ်နှင့် ခရီး တိုလမ်းပိုင်းများအတွက်သာမက ခရီးရှည်များတွင် အသုံးပြုနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။