၂၀၂၆ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိ  နေပြည်တော်၊ ၂၀၂၆ မေ ၁၃

Wednesday, May 13, 2026 - 17:30

                 ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။  

                 ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရေတပ်ဆက်သွယ်ရေး ဘာသာရပ်၌ ပါဝင်သည့် ဗျည်း၊ သရ၊ လက္ခဏာလက်ရိုက်အလံအချက်ပြသင်ခန်းစာ၊ လှေလှော်ရွက်တိုက်ဘာသာ ရပ်၌ပါဝင်သည့် လှေနှင့် လှော်တက်အမျိုးအစားများ သင်ခန်းစာ၊ လှော်ခတ်ပုံနည်းစနစ်သင်ခန်းစာ၊ ရွက်လှေအမျိုးအစားနှင့် ရွက်လွှင့်ပုံ သင်ခန်းစာများကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၉၅ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး၊ ဘားအံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၂၀ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၇၅ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်း စခန်း အသီးသီးတွင်လည်း ဆက်လက်လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

          အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ် ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်း စခန်း ၂၀ ခုတွင် စုစုပေါင်းသင်တန်းသား ၁၀၄၄  ဦးဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိရာ မိတ္ထီလာ မြို့ရှိ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းမှ တန်းမြင့်လေကြောင်း လူငယ်သင်တန်း သား ၅၃ ဦး၊ မှော်ဘီမြို့ရှိ မြန်မာပြည်တောင်ပိုင်းသင်တန်း စခန်းမှ တန်းမြင့် လေကြောင်းလူငယ်သင်တန်းသား ၆၃ ဦး ၊ ရန်ကုန်မြို့ရှိ ရန်ကုန် သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀ ဦး၊ လွိုင်ကော်မြို့ရှိ လွိုင်ကော် သင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၅ဦး ၊ ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းသင်တန်း စခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀ ဦးနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၆၅ ဦးတို့အားအခြေခံစစ်ရေးပြဘာသာရပ်၊ လေ ကြောင်းလူငယ် သမိုင်းဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ် ပျံသန်းမှု အခြေခံသဘောတရား ဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်း ဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်းစခန်း အသီးသီးတွင်လည်း ဆက်လက်လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသည်။

        ထို့ပြင် တပ်မတော်(လေ)၏ နေ့စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်တာ များကို သိရှိနားလည်စေရန်အတွက် လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်း များရှိ ပျံသန်းရေးအုပ်များ၊ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံများနှင့် လေကြောင်း ထိန်းမျှော်စင်များသို့ သွားရောက်၍ လက်တွေ့ကွင်းဆင်းလေ့လာခြင်းများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။