ပုသိမ်သင်တန်းစခန်းများရှိ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) နှင့် ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းသား၊ သင်တန်းသူများ လေ့ကျင့်သင်ကြားနေမှုများအား ကြည့်ရှုအားပေး
နေပြည်တော်၊ ၂၀၂၆ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်းအခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များ ကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေး တွင် လေယာဉ် ပျံသန်းမှုဆိုင်ရာပညာရပ်များကိုနားလည်သိရှိစေရန်၊ စိတ်ဓာတ်၊စည်းကမ်း၊ ကိုယ်လက် ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်နှင့် လူငယ်လူရွယ်များအား အခြေခံ ရေကူး၊ ရေတပ်သားပညာရပ်၊ အလံအချက်ပြ ဆက်သွယ်ရေးဘာသာရပ်နှင့် လှေလှော် ရွက်တိုက် ဘာသာရပ်များသိရှိနားလည်၍ ရေကြောင်းသွားလာမှုဆိုင်ရာပညာရပ် များကို စိတ်ပါဝင်စားပြီး အနာဂတ်မျိုးဆက်သစ်ရရှိစေရန် တို့အတွက် ရည်ရွယ်၍ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် ရေကြောင်း လူငယ်အခြေခံ သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းများကို ဧပြီ (၂၇)ရက်မှစတင်၍ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်းအသီးသီး၌ လေကျင့်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀) တက်ရောက် သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများ သင်ကြားလေ့ကျင့် နေမှုအား မေ ၁၁ ရက် မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်သင်တန်း စခန်း၌ တက်ရောက်သင်ကြားလေ့ကျင့်နေသော ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွသုံးဆောင်ကြပြီး သင်တန်းသား၊သင်တန်းသူများ သင်ကြားနေမှုများအား ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

