မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာ ကြိုဆို
နေပြည်တော်၊ ၂၀၂၆ မေ ၁၂
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိသည့် ဒေသ များ၌ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation)များကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်၍ မြို့ရွာများအား အဆင့်ဆင့်ပြန်လည် သိမ်းပိုက်ပြီး ပြည်သူလူထုအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်း တစ်လျှောက်ကို မေ ၆ ရက်တွင် အပြည့်အဝ ထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခြေခံ အဆောက်အအုံတစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်အထိဆက်သွယ်ထားသည့် မန္တလေး- မတ္တရာ-သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းအား အကြမ်းဖက်သောင်းကျန်းသူများက ယာယီစိုးမိုးပိတ်ဆို့ထားစဉ် ဒေသခံ တိုင်းရင်းသားပြည် သူများ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုများတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး စားနပ်ရိက္ခာနှင့် နေ့စဉ်သုံးပစ္စည်းများ ရှားပါးလာခြင်း၊ ဆေးဝါးနှင့် အရေးပေါ်သုံး ပစ္စည်းများ လုံလောက်စွာမရရှိတော့ခြင်း၊ ကုန်စည်ပို့ဆောင်သည့် မော်တော် ယာဉ်များအား အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်းများကြောင့်ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်းများပြတ်လပ်ပြီး ကုန်ချောထုတ်လုပ်မှုတွင် အခက် အခဲများဖြစ်ပေါ်ကာကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ပစ္စည်းများလည်း ဈေးကွက်သို့ မရောက်ရှိတော့ခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်းသိရှိရ သည်။
လက်ရှိတွင် အဆိုပါ ဆက်သွယ်ရေးလမ်းကြောင်းအား တပ်မတော်က အပြည့်အဝ ပြန်လည်သိမ်းပိုက်၍ တပ်မတော်စစ်ကြောင်းများက လမ်းကြောင်းတစ်လျှောက်ရှိ အတား အဆီးနေရာများအား လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းပြီး အကြမ်း ဖက်သမားများ ဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား အများပြည်သူ ပြန်လည်အသုံးပြု နိုင်ရေးနှင့် ပို့ဆောင်ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် တပ်မတော်မှ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အဆိုပါလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ အစိုးရ အုပ်ချုပ်ရေးယန္တရား များ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေရပ်ဒေသများ၌ ပြန်လည်အခြေချနေထိုင်စဉ် စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး၊ ကျောင်းဖွင့်ရာသီအမီ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ အချိန်မီ ရောက်ရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အခြားသောလိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ သည် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင် လာသော မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းများတင်ဆောင်ပြီး ကုန်သည်များလိုက်ပါ လာသည့်မော်တော်ယာဉ်များ၊ ဒေသခံခရီးသွားယာဉ်များနှင့်အတူ မေ ၉ ရက်တွင် မန္တလေး မြို့မှ စတင်ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
ဌာနဆိုင်ရာဝန်ထမ်းများသည် ကုန်ပစ္စည်များတင်ဆောင်လာသည့် မော်တော်ယာဉ် များနှင့် အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ ကသာမြို့၊အင်းတော်မြို့နှင့် မော်လူး မြို့များသို့ရောက်ရှိစဉ် အဆိုပါမြို့များရှိ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက လည်း ကောင်း၊ တို့မှတစ်ဆင့် မေ ၁၂ ရက် ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိကြရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက လည်း ကောင်း အိုးစည် ဒိုးပတ်များ၊ အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများဖြင့် ကျေးဇူးတင် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
မန္တလေး- မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာအသီးသီး၌လည်း နိုင်ငံတော် အစိုးရမှ တာဝန်ရှိသူများနှင့် တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေး နှင့် လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြား နိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်များဖြင့် ပါရှိလာသည့် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မြို့ရွာအသီးသီးရှိ ဒေသခံပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိ သူများမှတဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။ ထိုအပြင် အဆိုပါမော်တော်ယာဉ်များ နှင့်အတူ ပါရှိလာသည့် ကုန်သည်များသယ်ဆောင်လာသည့် လူသုံးကုန်ပစ္စည်းများအား လမ်းကြောင်း တစ်လျှောက်ရှိ မြို့/ရွာများအတွင်း ပို့ဆောင်ရောင်းချနိုင်ခဲ့သဖြင့် ဒေသတွင်း ကုန်ဈေးနှုန်း ကြီးမြင့်ခဲ့မှုများကိုလျော့ချပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယခုအခါ အဆိုပါ လမ်းကြောင်းတစ်လျှောက်တွင် ခရီးသွားမော်တော်ယာဉ်များ၊ ကုန်စည်သယ်ယူပို့ဆောင် ရေး မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာလျက်ရှိကြောင်းသိရသည်။
ယခုကဲ့သို့ မန္တလေး- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင် သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ သွားလာနေထိုင်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း အဆင်ပြေချောမွေ့လာပြီး လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု၏ အကျိုးကျေးဇူးများ ကို ပြန်လည်ခံစားနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းသားလူငယ်များ၏ ပညာရေး ကဏ္ဍများလည်း ပြန်လည်ရရှိတော့မည် ဖြစ်သဖြင့် ဝမ်းမြောက်လျက်ရှိကြောင်းနှင့် အကြမ်း ဖက်လုပ်ရပ်များကြောင့် အဘက်ဘက်က ပျက်စီးဆုံးရှုံးခဲ့ရသည့် မြို့၊ ရွာများအား ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်အစိုးရ၊ တပ်မတော် နှင့်အတူ ဝိုင်းဝန်းကူညီဆောင်ရွက်ကြမည်ဟု ဝမ်းမြောက်စွာ ရင်ဖွင့်ပြောကြားခဲ့ကြကြောင်း သိရှိရသည်။
လမ်းတံတားဟူသည် နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသည့် အခြေခံ အဆောက်အအုံများတွင်ပါဝင်ပြီး လမ်းတံတားများ ကောင်းမွန်မှသာ လူနှင့် ကုန်စည်များ သွားလာပို့ဆောင်မှုကို မြန်ဆန်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ် သည်။ ထို့ပြင် လမ်းတံတားများသည် ကျေးလက်နှင့် မြို့ပြဒေသများကို ဆက်သွယ်ပေးနိုင် သဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများကို အချိန် နှင့်တပြေးညီရရှိစေမည်ဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် နိုင်ငံတော် လုံခြုံရေးအတွက်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သဖြင့် လမ်းနှင့်တံတားများသည် နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အကျိုးသက်ရောက်စေနိုင်သည့်အတွက် မြို့ ရွာများနှင့် လမ်းတံတားများကို ဖျက်ဆီးပြီး ပြည်သူများအား အနိုင်ကျင့်နှိပ်စက်သည့် အကြမ်းဖက်သောင်းကျန်းသူများအားပြည်သူလူထုတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိကြပြီး နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် မြို့ရွာအသီးသီးရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုသည် နိုင်ငံတော်၊ တပ်မတော်တို့နှင့်အတူ တစ်သားတည်း ရှိနေမည်ဖြစ်ကြောင်းသိရှိရသည်။
၁။ ကျွန်မတို့ အခု ဒီလမ်းဖွင့်ပွဲ အစီအစဉ်ကတော့ မြစ်ကြီးနားနဲ့ မန္တလေး ဒီလမ်းကို မေလ ၆ ရက်နေ့မှာ ဖွင့်လှစ်လိုက်တယ်ဆိုတာ ကျွန်မတို့ သိရပါတယ်။ အဲ့ဒီမေလ ၆ ရက်နေ့မှာ ဖွင့်လှစ်တဲ့လမ်းကတော့ နိုင်ငံတော်အကြီးအကဲများနဲ့ တပ်မတော် ဌာနဆိုင်ရာ အကုန်လုံး ပူး ပေါင်းပြီးမှ ဒီလမ်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ ဒီလမ်းဖွင့်လှစ်ခဲ့တဲ့ အချိန်ကနေစပြီး ယာဉ်တန်းကြီးနဲ့ ဌာနဆိုင်ရာမှာ တာဝန်ထမ်းဆောင်တဲ့ ဒေသအသီးသီးမှာ တာဝန်ထမ်း ဆောင်တဲ့ ဝန်ထမ်းများလည်း ပါရှိလာတယ်။ ဒီယာဉ်တန်းကြီးနဲ့အတူ ပါလာတယ်။ စားနပ်ရိက္ခာ၊ ကုန်စည်တွေနဲ့ ထုတ်ကုန်လူသုံးကုန် ပစ္စည်းများလည်း ပါခဲ့တယ်ဆိုတာ ကျွန်မတို့ သိခဲ့ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရှောင်နေကြတဲ့ ကိုယ့်ဒေသနဲ့ ရပ်ကျေးနဲ့ စွန့်ခွာပြီး နေတဲ့လူတွေရော ဒီကျောင်းမဖွင့်ခင်မှာ ကိုယ့်ကလေး တွေ ပညာသင်ကြားဖို့အတွက် လည်း ကျွန်မတို့ကို နိုင်ငံတော် အစိုးရကလည်း ပံ့ပိုးထားပါ တယ်။ ဒါကြောင့်မလို့ ကျွန်မတို့ ကိုယ့်နေရာနဲ့ကိုယ် ပြန်သွားပြီးတော့ အချိန်မီ ကလေးတွေ ကိုလည်း ကျောင်းအပ်နိုင်ရန် အတွက် ကျွန်မတို့စီစဉ်ထားပါတယ်။ ဒါကို ကျွန်မတို့ သိရပါ တယ်။ ဒါကြောင့်မလို့ ကိုယ့်အိုး ကိုယ့်အိမ်ကို ကိုယ့်ဒေသကို ပြန်လည်ရောက်ရှိသွားအောင် ကိုယ့်ဟာကိုယ်သွားပြီးမှ ကလေး တွေ ပညာရေးအတွက်ကိုလည်း နောက်မကျအောင် အဆင်ပြေချောမွေ့အောင် ဆောင်ရွက် စီစဉ်ပေးနေတယ် ဆိုတာလည်း ကျွန်မတို့ သိရတယ်။ အဲ့ကြောင့်မို့လို့ ကိုယ့်နေရာနဲ့ကိုယ် ကိုယ့်ဒေသကို ပြန်သွားဖို့လည်း ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်။ ဒါကြောင့် ဒီနေ့ကျ တော့ ကျွန်မတို့ မြစ်ကြီးနားမှာ ရောက်ရှိလာမှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်မတို့ လာရောက်ကြိုဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီကုန်စည်စီးဆင်းမှုကလည်း ကျွန်မတို့ ဒီလမ်းပွင့်သွားတဲ့ အတွက်ကြောင့်မလို့ ကုန်စည် စီးဆင်းမှုတွေကလည်း ကုန်ဈေးနှုန်းတွေ ပုံမှန်ကျ ဆင်းလာပြီးမှ ကျွန်မတို့ ခရီးသွားလာရေး လှုပ်ရှားမှုကလည်း ပုံမှန်အတိုင်း သွားလာလို့ ရတဲ့အတွက်ကြောင့်မလို့ ကျွန်မတို့ ပြည်သူအနေနဲ့လည်း အထူးပဲ ဝမ်းမြောက်ပါတယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။ အထူးကျေးဇူးတင်ပါတယ်။
၂။ အခုလို ယာဉ်တန်းတွေ ဝင်လာတဲ့အတွက်ကြောင့်မို့ ကုန်စည်ပစ္စည်းတွေလည်း သက် သာလာတော့မှာပါ။ ပြီးရင် အဘက်ဘက်ကလည်း အားလုံးအဆင်ပြေလာတော့မှာပါ။ ဒီယာဉ် တန်းတွေမှာ ဝန်ထမ်းတွေလည်း ပါလာတာသိရပါတယ်။ ဒီထဲမှာ ကျောင်းသုံးပစ္စည်း တွေလည်း ပါလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့အတွက်ကြောင့်မို့ ကျောင်းဖွင့်ရာသီလည်း ရောက်တော့မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ မိဘပြည်သူတွေအနေနဲ့လည်း ကိုယ့်သားသမီးတွေ ပညာတတ်မြောက် နိုင်ရေးအတွက် ကျောင်းထားကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
၃။ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသွားတဲ့အတွက်ကြောင့်မို့ အနယ်နယ်အရပ်ရပ်မှာ ရှိကြတဲ့ ကျောင်းသားတွေဟာဆိုရင် ကိုယ့်ရွာကိုပြန်ပြီးတော့ အခုလိုမျိုးကျောင်းတက်ခွင့် ရတဲ့ အတွက် ကျွန်မဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုလိုမျိုး အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အိမ် ကိုယ့်ပြည်ကို စွန့်ခွာသွားကြတဲ့ သူတွေလည်း အခုကျောင်းဖွင့်ရာသီ ရောက်လာသည့် နည်းတူ အတူတကွ ကျောင်းလာအပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်မလိုမျိုး ကျောင်း သားကျောင်းသူ တွေလည်း ကျောင်းမှာ ပြန်အပ်နှံဖို့ ကျွန်မ တိုက်တွန်းလိုပါတယ်။


