နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့်  DPLA ၊ TNLA အဖွဲ့နှင့် PDF  အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၄၂ဦး၊ စုစုပေါင်း ၇၂ဦးတို့ ဉပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် နေပြည်တော်၊ ၂၀၂၆ မေ ၁၁

Monday, May 11, 2026 - 16:15

            နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် DPLA အဖွဲ့ဝင် အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၄၀ဦး၊  TNLA အဖွဲ့ဝင် အမျိုးသား ၃ဦး နှင့် PDF အဖွဲ့ဝင် အမျိုးသား ၁၁ဦး၊ အမျိုးသမီး ၂ဦး၊ စုစုပေါင်း ၇၂ဦး  တို့သည် ဉပဒေဘောင်အတွင်းသို့  ထပ်မံဝင်ရောက်လာကြ သည်။

            ထိုသို့ ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ‌နောင်ချိုမြို့မှ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၃၇ဦး၊ ကျောက်မဲမြို့မှ အမျိုးသား ၆ဦး၊ အမျိုးသမီး ၂ဦး၊ သီပေါမြို့မှ အမျိုးသား ၇ဦး၊ အမျိုးသမီး ၃ဦး  တို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်း အပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ မြို့ကျက် သရေဆောင်ခန်းမ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး က ဥပဒေအကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်းဝင်ရောက် လာကြသူများကိုယ်စား ဥပဒေဘောင်အတွင်းဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။