ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများအား ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ သိန်းကျော်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ တည်းခိုခန်းတွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချနေသူများ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ မဖြူစင်တင်လှ(ခ)ဖြူစင်နှင့် မဇွန်ဇင်ဦး(ခ)မိုင်လီတို့ ၂ ဦးအား စိတ်ကြွဆေးပြား ၁၁၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ယင်းနေ့ ညနေ ၆ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာနေ မမာလာအား စိတ်ကြွဆေးပြား ၁၆၀ ပြားနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ မေလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပုသိမ်ကြီး မြို့နယ်၊ ကွေ့ကြီးကုန်းကျေးရွာ၊ ရေတံခွန်တောင်ရပ်တွင် မနီလာခိုင်(ခ)လွယ်နူး(ခ)ဘောပြားအား စိတ်ကြွဆေးပြား ၂၄,၀၀၀ ပြား၊ NISSAN TIIDA မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် စိတ်ကြွဆေးပြားများ ရောင်းချခိုင်းသူ အောင်ရဲကျော်(ခ)မြင့်ကျော်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်ရှိ မအားဖန်(ခ)ဆိုင်ဘန်း၏နေအိမ်၌ သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၁၄ ဒသမ ၇ သိန်းအား လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်ရှိ ၎င်းငှားရမ်းထားသည့်နေအိမ်တွင် သိမ်းဆည်းထားသည့် စိတ်ကြွ ဆေးပြား ၆ ဒသမ ၀၆ သိန်းအားလည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးမှု ဖြစ်စဉ်တွင် စုစုပေါင်းဒေသတန်ဖိုး ငွေကျပ် ၃ ဒသမ ၁၆၂၅၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ ဒသမ ၀၀၂၇၅ သိန်းအား ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နေ အားယုံ(ဖမ်းဆီးရန်ကျန်)မှ မန္တလေးမြို့တွင် ဖြန့်ဖြူး ရောင်းချရန် ပေးပို့ထားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။