တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်၊ ရေစိုကျေးရွာ ရှိ ငြိမ်းအေးဓမ္မဗိမာန်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော် ၁၅ ပါးနှင့် ဒေသခံပြည်သူ ၁၅၀ ဦးတို့ကို အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်ရှိ မဟာဓမ္မပါလ ကျောင်း၊ နန်းဦးကျောင်းတိုက်၌ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အဆိုပါ ကျောင်းတိုက်ရှိ အဂ္ဂမဟာဂုဏ်ရည်ကျောင်းဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၂၃ပါး၊ သာသနာနွယ်ဝင်သီလရှင် ၇၇ပါးနှင့် ဒေသခံပြည်သူ ၇၁ ဦး အား သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါ၊ ဆီးချိုရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ် များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


