တောင်ကြီးမြို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ မေ ၉

Saturday, May 9, 2026 - 16:15

                 တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မား စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ ဓမ္မဝိဓူအုပ်ဖိုလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတိုက်၌ အခြေပြု၍ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးသည်။

                 ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်(၃၀) ပါးနှင့် ဒေသခံပြည်သူ ၈၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုးအကြော ရောဂါ၊ အရေပြားဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ မျက်စိရောဂါ၊ ဖျားနာရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ဆေးဝါးကုသ ခြင်းများဆောင်ရွက်ပေးပြီး Ultra Sound စက်ဖြင့် စမ်းသပ် ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

                 ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက  သွားရောက်ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းတိုက်ဆရာတော်အား လှူဖွယ်ဝတ္တု ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။