မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ အတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင် ခြင်းမရှိစေရန်နှင့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန် အတွက် နယ်မြေရှင်း လင်းခြင်း နှင့်ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း၌ မေလ ၆ ရက် ညနေပိုင်းတွင် မိုင်းပန်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၃၇၀၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူ တရုတ် နိုင်ငံသား အမျိုးသား ၂ ဦး အား ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် နယ်မြေအတွင်း အွန်လိုင်း လိမ်လည်လောင်းကစားမှုများ မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေ ဖော်ထုတ်မှုများကြောင့် ယနေ့ညနေပိုင်းတွင် မိုင်းပန်မြို့၏ မြောက်ဘက် မီတာ ၁၂၃၀၀ ခန့်အကွာတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူ တရုတ် နိုင်ငံသား ၁ ဦး အား ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့ သည့် တရားမဝင်ပြည်ပနိုင်ငံသားများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီး ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

