ဧရာဝတီတိုင်းဒေသကြီး၌ အဆင့်မြင့်ပညာနှင့်အခြေခံပညာ လူရည်ချွန်စခန်း (ငွေဆောင်)အား ငွေဆောင်မြို့ ယမုံနာဦး ဟိုတယ်၌ လည်းကောင်း၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာလူရည်ချွန်စခန်း(ချောင်းသာ)အား ချောင်းသာမြို့ Akariz Garden Resort ၌လည်းကောင်း ယနေ့နံနက်ပိုင်းတွင် ဖွင့်ပွဲများပြုလုပ်ကြရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာမှလူရည်ချွန် မောင်မယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆင့်မြင့်ပညာနှင့်အခြေခံပညာ လူရည်ချွန်စခန်းများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လူရည်ချွန်မောင်မယ်များက မြန်မာ့ကျောင်းနှင့် စခန်းနွေမွန်လူရည်ချွန် သီချင်းများဖြင့် သီဆိုဖွင့်လှစ်ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာ စကားပြောကြာပြီး လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ရာ လူရည် ချွန် မောင်မယ်များက လက်ခံရယူကြသည်။
ဆက်လက်ပြီးအဆင့်မြင့်ပညာနှင့်အခြေခံပညာ လူရည်ချွန်စခန်းများမှ တာဝန်ခံ စခန်းမှူးများက စခန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ၎င်းနောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များမှ စခန်းအသီးသီးရှိ ကိုယ်စားပြုလူရည်ချွန်မောင်မယ်များအား ရင်ထိုးတံဆိပ်များချီးမြှင့် ကြပြီး အမှတ်တရလက်ဆောင်များပေးအပ်ကြသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် ပုသိမ်တက္ကသိုလ် အနုပညာအသင်း ကျောင်းသား၊ ကျောင်းသူများမှ တက်ရောက်လာကြသူ များအား တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးတို့က လူရည်ချွန် မောင်မယ်များနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
