ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒအမှာစကားပြောကြား လူငယ်တိုင်းသည် နိုင်ငံကို ဦးဆောင်နိုင်သူမဖြစ်သော်လည်း လူငယ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်ကို အကောင်အထည်ဖော်ကြမည့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ် နေပြည်တော်၊ မေ - ၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ဩဝါဒအမှာစကားပြောကြားသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များ၊ရေကြောင်းလူငယ်နှင့်လေကြောင်းလူငယ်များ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားကျင်းပပြုလုပ်မည့် Naypyitaw State Academy သို့ ရောက်ရှိရာ တာဝန်ရှိသူများနှင့် လူရည်ချွန်မောင်မယ်များ၊ ရေကြောင်း လူငယ်နှင့် လေကြောင်းလူငယ် မောင်မယ်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ် ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက “နိုင်ငံတော်သစ်၏ စွမ်းအားရှင်များ” အစီအစဉ် ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားတွင် ဝန်ကြီးဌာနများအလိုက် ပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့် လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော် သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အလံအား အလေးပြုကြသည်။
၎င်းနောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ အနုပညာရှင် ဝန်ထမ်းများက “ထာဝရပညာ” တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “လူရည်ချွန်မောင်မယ်များမှသည် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ဆီသို့” Video Clip အား ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဩဝါဒအမှာစကားပြောကြားရာတွင် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို စတင်လျှောက်လှမ်းသည့်အချိန်ကာလတွင် နိုင်ငံတော်က အားထား ရသည့် လူရည်ချွန်မောင်မယ်များနှင့်တွေ့ဆုံပြီး အမှာစကား ပြောကြားရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ နိုင်ငံတော်သစ် တည်ဆောက်သည့်အခါတွင် မောင်တို့ မယ်တို့ကဲ့သို့ လူတော်လူကောင်း၊ လူရည်ချွန် လူရည်မွန်များ၏ စွမ်းအားနှင့် ပူးပေါင်း ပါဝင်မှုသည် အထူးအရေးကြီးသည့်အတွက် လိုအပ်သည်များ မှာကြားလိုကြောင်း။
“လူရည်ချွန်” ဆိုသည်မှာ ထူးချွန်ထက်မြက်သူ၊ အသိဉာဏ်ပညာ ပြည့်ဝသူ၊ အများထက်သာလွန်အောင် ကြိုးစားအားထုတ်နိုင်သူ၊ ပင်ကိုစွမ်းရည်မြင့်မားသူများ ဖြစ်ကြောင်း၊ မောင်တို့မယ်တို့သည် ထိုသို့ အရည်အချင်းများနှင့် ပြည့်စုံကြကြသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် “လူရည်ချွန်” ဆိုသည့် ဂုဏ်ဒြပ်ကို ထိုက်ထိုက်တန်တန် အပ်နှင်းခြင်းခံရပြီး ယခုအချိန်တွင် ဂုဏ်သတင်းကောင်းနှင့် ကျော်ဇောသည့်သူများ ဖြစ်သကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီးကို ထုဆစ်ပုံဖော်ကြမည့် မျိုးဆက်သစ်လူငယ် များလည်း ဖြစ်ကြကြောင်း။
မောင်တို့မယ်တို့သည် စာပေဘာသာရပ်များကိုသာ ကျွမ်းကျင်ပိုင်နိုင်ခြင်း မဟုတ်ဘဲ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု၊ တစိုက်မတ်မတ် လေ့ကျင့်မှု စသည့် ကာယ၊ ဉာဏစွမ်းအားများနှင့် စစ်ဆေး အကဲဖြတ်မှု အဆင့်ဆင့်ကို ယှဉ်ပြိုင်ကျော်ဖြတ်နိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့် ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့သဖြင့် အောင်မြင်မှုများ ရရှိပြီး မိမိ မိသားစု၊ မိမိ ကျောင်း၊ မိမိဒေသအတွက် ဂုဏ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အများကစံပြုထိုက်သည့် မောင်တို့မယ်တို့ကို ယခု ကဲ့သို့ အခမ်းအနားကျင်းပပြီး တွေ့ဆုံဂုဏ်ပြုရခြင်းပင်ဖြစ် ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ၏အင်အားဖြင့် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ လူငယ်တိုင်းသည် နိုင်ငံ ကို ဦးဆောင်နိုင်သူမဖြစ်သော်လည်း လူငယ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်ကို အကောင်အထည်ဖော်ကြမည့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလ ငါးတန်ပြည့်စုံသည့် ပညာတတ် လူရည်ချွန်လူရည်မွန်များ ပေါ်ထွက်လာအောင် လူငယ် ကဏ္ဍနှင့် ပညာရေးကဏ္ဍကို အလေးထား မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိကြောင်း။
လူငယ်များသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏အဓိကအင်အားစု ဖြစ်သည့်အတွက် အသိပညာ အတတ်ပညာ ပြည့်ဝရန် လိုအပ်သကဲ့သို့ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ် စိတ်ရှိပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးကြရမည် ဖြစ်ကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မိမိတို့နိုင်ငံ၏ ကောင်းမြတ်သည့်အစဉ်အလာနှင့် ဓလေ့ထုံးစံများ၊ သမိုင်းကြောင်းများ၊ သဘာဝတောတောင်ရေမြေများ၊ သယံဇာတအရင်းအမြစ်များကို တန်ဖိုးထားပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန်လည်း လိုအပ်ကြောင်း။
နိုင်ငံတော်ကိုချစ်မြတ်နိုးသည့်စိတ်၊ ထိန်းသိမ်းကာကွယ်လိုသည့်စိတ် လူငယ်ထု အတွင်း ထာဝရကိန်းအောင်နေရန်အတွက် ရေကြောင်း လူငယ်၊ လေကြောင်းလူငယ်၊ ကင်းထောက်လူငယ်၊ လူရည်ချွန် စသည်ဖြင့် လူငယ်လူရွယ်များကို နယ်ပယ်အစုံတွင် နှစ်ပေါင်းများစွာ လေ့ကျင့်မွေးထုတ်ပေးနေခြင်း ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် အချို့နှစ်များတွင် ဆောင်ရွက်နိုင်ခြင်း မပြုနိုင်ခဲ့သော်လည်း ယခု လူငယ်များ အတွက် စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းရည် အရည်သွေးမြင့်မားရေးကို အလေးထား ဆောင်ရွက်နေပြီ ဖြစ်ကြောင်း။
လူရည်ချွန်စီမံကိန်းဆိုသည်မှာ ကျန်းမာသန်စွမ်းပြီး အကျင့်စာရိတ္တ ကောင်းမွန် သည့်၊ ထူးချွန်ထက်မြက်ပြီး ဗလငါးတန်ပြည့်ဝသည့် လူကောင်း လူတော်များ၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများမှတစ်ဆင့် နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် ပညာတတ်လူငယ်များ ပေါ်ထွန်းလာရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူအချင်းချင်း လူရည်ချွန်ရွေးချယ်ခံရသူများကို အားကျ အတုယူလိုစိတ်၊ မိမိကိုယ်တိုင် လူရည်ချွန်ဖြစ်အောင် ကြိုးစားလို စိတ်များနှင့် ကောင်းသော ယှဉ်ပြိုင်မှုများနှင့် အဘက်ဘက်မှ လေ့လာသင်ယူလိုစိတ်များကို မြှင့်တင်ပေးခြင်းလည်း ဖြစ်ကြောင်း၊ ထိုသို့ကောင်းမြတ်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် လူရည်ချွန်စီမံကိန်းသည် ဆယ်စုနှစ်များစွာ သန္ဓေတည် ဖွံ့ဖြိုး လာခဲ့ပြီး နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးရာ အစဉ်အလာကောင်း သည့် ပညာရေးစီမံကိန်းတစ်ခုလည်း ဖြစ်ကြောင်း၊ ယခင်က လူရည်ချွန်အဖြစ် ရွေးချယ်ခံ ခဲ့ရသူများသည် ယခုအချိန်တွင် နိုင်ငံ့တာဝန်များကို အဆင့်မြင့်စွာထမ်းဆောင် နေကြသူများရှိသကဲ့သို့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များနှင့် အဖွဲ့အစည်းများတွင် လည်း ပါဝင်အကျိုးပြုနေပြီကို မောင်တို့မယ်တို့ အသိပင်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရ အဖွဲ့အသီးသီးတို့၌ လူရည်ချွန်ရွေးချယ်ခံခဲ့ရသူ(၁၂)ဦး ပါဝင်ကြောင်းကိုလည်း ဝမ်းမြောက် ဂုဏ်ယူနိုင်ရေး အသိပေးပြောကြားလိုကြောင်း။
နိုင်ငံတော်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် လူရည်ချွန် (၄၇၈)ဦး၊ ၂၀၂၄ ခုနှစ်တွင် လူရည်ချွန် (၅၅၄)ဦး၊ ၂၀၂၅ ခုနှစ်တွင် လူရည်ချွန် (၇၂၈)ဦး ရွေးချယ်နိုင်ခဲ့ကြောင်း။
ယခုနှစ် အခြေခံပညာကဏ္ဍတွင် နဝမတန်း လူရည်ချွန်(၉၆)ဦး၊ ဒသမတန်း လူရည်ချွန်(၁၃၂) ဦး၊ ဧကာဒသမတန်း လူရည်ချွန် (၁၃၃) ဦး၊ ဒွါဒသမတန်း လူရည်ချွန် (၉၉)ဦးနှင့် အဆင့်မြင့်ပညာကဏ္ဍတွင် ပထမနှစ်လူရည်ချွန် (၁၄၈)ဦး၊ ဒုတိယနှစ် လူရည်ချွန်(၁၄၃)ဦး ရွေးချယ်နိုင်ခဲ့ပြီး စုစုပေါင်း လူရည်ချွန် (၇၅၁)ဦး မွေးထုတ် နိုင်ခဲ့ကြောင်း၊ လူရည်ချွန် ၇၅၁ ဦးတွင် ၅ ထပ်ကွမ်း ၂ ဦး၊ ၄ ထပ်ကွမ်း ၃၁ ဦး၊ ၃ ထပ် ကွမ်း ၆၈ ဦး၊ ၂ ထပ်ကွမ်း ၁၉၆ ဦး နှင့် ပထမအကြိမ် ရွေးချယ်ခံရသူ ၄၅၄ ဦး ပါဝင် ကြောင်း။
ထိုသို့ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များကို အစဉ်လေ့ကျင့် မွေးထုတ် ပေးနေပြီး နိုင်ငံအတွက်လိုအပ်သည့် “အသိပညာ အဆောက်အအုံ” တောင့်တင်း ခိုင်မာအောင် အုတ်မြစ်ချဆောင်ရွက်ပေးနေသည့် ပညာရေးဝန်ကြီးဌာနကိုလည်း အသိ အမှတ်ပြုသည်ကို ပြောလိုကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ယခုနှစ် လူရည်ချွန် ကျောင်းသားလူငယ်များ၏ ထူးချွန်ထက်မြက်မှု၊ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် နဝမတန်း လူရည် ချွန်များကို ပြင်ဦးလွင်လူရည်ချွန်စခန်း၊ ဒသမတန်း လူရည်ချွန်များကို အင်းလေး လူ ရည်ချွန်စခန်း၊ ဧကာဒသမတန်း လူရည်ချွန်များကို ငွေဆောင်လူရည်ချွန်စခန်း၊ ဒွါဒသမတန်းလူရည်ချွန်များကို နေပြည်တော်လူရည်ချွန်စခန်း၊ တက္ကသိုလ် ပထမနှစ် နှင့် ဒုတိယနှစ် လူရည်ချွန်များကို ချောင်းသာ လူရည်ချွန်စခန်းတို့သို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း။
ယခုခရီးစဉ်သည် မိမိတို့၏ ကြိုးစားမှု၊ အရည်အချင်းနှင့် အစွမ်းအစများကြောင့် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သဖြင့် ယခုခရီးစဉ်တွင် ပါဝင်ခွင့်ရသည်ကို ဂုဏ်ယူ တန်ဖိုးထားစေချင်ကြောင်း၊ ခရီးစဉ်တစ်လျှောက်တွင်လည်း မိဘပြည်သူများ၊ တာဝန် ရှိသူများက လူရည်ချွန်မောင်မယ်များကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြိုဆိုကြမည် ဖြစ်ကြောင်း။
ထို့အပြင် ခရီးစဉ်အတွင်း ဒေသအသီးသီးမှ ပညာကိုတန်ဖိုးထားသည့် သက်တူ ရွယ်တူသူငယ်ချင်းများနှင့်တွေ့ဆုံပြီး အသိပညာများ ဖလှယ်နိုင်ကြမည်ဖြစ်သကဲ့သို့ ဒေသန္တရဗဟုသုတများ ရှာဖွေနိုင်ကြမည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့နှင့် စုပေါင်းဆောင် ရွက်တတ်မှု၊ အများနှင့်လိုက်လျောညီထွေ နေထိုင်တတ်လာတတ်မှုနှင့် အပြန်အလှန် နားလည်မှု၊ အချင်းချင်း ယုံကြည်လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုများ ရရှိလာနိုင်မည်ဖြစ် သဖြင့် မိမိတို့ဘဝအတွက် အတွေ့အကြုံကောင်းများ ရနိုင်မည်ဖြစ်ကြောင်း။
မောင်တို့မယ်တို့အနေဖြင့် မိမိတို့ရရှိထားသည့် လူရည်ချွန်ဟူသည့် ဂုဏ်ပုဒ်၊ အဆင့်အတန်းနှင့်အညီ ပြောဆိုနေထိုင်ပြုမူလုပ်ကိုင်မှုများကို မြှင့်တင်နိုင်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ “အတ္တနှင့် ပရ” မျှတမှုရှိအောင် ကျင့်ကြံနေထိုင်ကြ ရန်နှင့် ခေတ်စနစ်၏တိုးတက်မှု နည်းလမ်းများကို အမြဲမပြတ်ရှာဖွေနေရန် လိုအပ် သကဲ့သို့ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မှေးမှိန် ပျောက်ကွယ်မသွားအောင်လည်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ လူငယ်ဘဝတွင် ရှိသင့်သည့် ကျင့်ဝတ်များဖြစ်သည့် သားသမီးကျင့်ဝတ်၊ တပည့်ကျင့် ဝတ်များကို လိုက်နာနေထိုင်ကြရန်နှင့် မိဘ၊ ဆရာသမားတို့ကို ရိုသေလေးစားပြီး ဘာသာတရား၏ အဆုံးအမနှင့်အညီ ကိုယ်ချင်းစာမှု၊ သည်းခံခွင့်လွှတ်မှုဟူသည့် အခြေခံစိတ်ဓာတ်ကောင်းများ မွေးမြူကြရမည်ဖြစ်ကြောင်း၊ အများကလေးစား အတု ယူရမည့် စံပြပုဂ္ဂိုလ်များဖြစ်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ကြရန် မှာကြား လိုကြောင်း။
ယခုကဲ့သို့ ၂၁ ရာစု အသိပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်မှာ ဘဝ တစ်သက်တာ လေ့လာသင်ယူနေရန်၊ စွမ်းဆောင်ရည် ပြည့်ဝနေရန်လိုကြောင်း၊ ထိုသို့ ဆိုပါက မိမိတို့ကိုယ်တိုင် အစဉ်အမြဲလေ့လာသင်ယူနေရန်နှင့် ပြင်ပဗဟုသုတနှင့် အသိ ပညာအတွက် စာအုပ်စာပေများ ဖတ်ရှုရမည်ဖြစ်ကြောင်း၊ “ဖတ်လျှင် အမြင်ကျယ်၊ မှတ်လျှင် ပညာမြင့်၊ ကျင့်သော် အောင်မြင်၊ သင်သော် ထူးချွန်၊ ဘဝအတွက် စာကောင်းပေမွန်” ဆိုသည့် စကားအတိုင်း စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့် ကို စွဲစွဲမြဲမြဲ လုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်း။
ထို့အပြင် ပညာသင်ရာဌာနများ ဖြစ်သည့် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင်လည်း လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကို ဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလ ငါးတန်ပြည့်ဝစေမည့် လှုပ်ရှားဆောင်ရွက်မှုများ ကျင်းပပေးကြ ရန် လေးလေးနက်နက် မှာကြားလိုကြောင်း။
မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည် ဆောက်နိုင်ရေးအတွက် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူ့ စွမ်းအားအရင်းအမြစ်များ အများကြီး လိုအပ်ကြောင်း၊ ထို့ကြောင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်အောင် နိုင်ငံတော်အစိုးရနှင့်အတူ မိဘများ၊ ဆရာများ အပါအဝင် တာဝန်ရှိသူ များနှင့် နိုင်ငံသားအားလုံးက တစိုက်မတ်မတ် အလေးထားဆောင်ရွက်ကြရန် တိုက် တွန်း မှာကြားလိုကြောင်း။
“လူရည်ချွန်” ဟူသည့် ဂုဏ်သိက္ခာနှင့် လျော်ကန်သင့်မြတ်သည့် တာဝန်ဝတ္တရား ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ အမျိုးသားအကျိုးစီးပွား တိုးတက်မြင့်မားရေး အတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရန်၊ နိုင်ငံတကာ အသိုက်အဝန်းတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်ခန့်ညားထည်ဝါစွာရပ်တည် နိုင်ရေး အစဉ်တစိုက် ကြိုးပမ်းကြရန်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်များနှင့် စည်းလုံး ညီညွတ်ပြီး အနာဂတ်နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၂၆ ခုနှစ်၊ လူရည်ချွန် စခန်းအလိုက် အထိမ်းအမှတ်အလံများကို လူရည်ချွန်မောင်မယ်များထံပေးအပ်ပြီး လူရည်ချွန် မောင်မယ်များက အထိမ်းအမှတ်လက်ဆောင် ပြန်လည်ပေးအပ်သည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များကိုယ်စား နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း၊ ဒွါဒသမတန်းမှ မောင်စွမ်းသူအောင်က ဂါရဝပြုကျေးဇူးတင်စကား ပြန် လည်ပြောကြား သည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်ဝန်ထမ်းများက လူရည်ချွန်မောင်မယ်များနှင့်အတူ “လူရည်ချွန်စွမ်းအား” တေးသီချင်း၊ “လူငယ်စွမ်းရည်” တေးသီချင်းတို့ဖြင့် စုပေါင်းသီဆိုဖျော်ဖြေတင်ဆက်ကြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ လူရည်ချွန်မောင်မယ်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
၎င်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များ၊ ရေကြောင်း လူငယ်၊ လေကြောင်းလူငယ်များနှင့် နေ့လည် စာကို အတူတကွ သုံးဆောင်ကြသည်။
နေ့လည်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတသည် လူရည်ချွန်မောင်မယ် များကို ရင်းရင်းနှီးနီးနှတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။











