နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက် လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက် လာသည့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ထပ်မံ ဝင်ရောက်လာ ကြသည်။
ထိုသို့ ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင် ၆ ဦး တို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန် နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက ဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M4A1 သေနတ် ၁ လက်၊ MA5 ပစ္စတိုသေနတ် ၁လက်၊ ကျည်အိမ်မျိုးစုံ ၃ခု၊ ကျည်မျိုးစုံ ၅၇ တောင့်၊ MG-1 လက်ပစ်ဗုံး ၂လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူ သည်။
ယင်းနောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၁ လက် အတွက် ငွေကျပ်သိန်း ၅၀၊ ပစ္စတိုသေနတ် ၁လက်အတွက် ငွေကျပ်သိန်း ၂၀၊ လက်ပစ်ဗုံး ၂ လုံးအတွက် ငွေကျပ် ၃သိန်း နှင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအတွက် ၁ဦးလျှင် ၁၅ သိန်း နှုန်းဖြင့် ငွေကျပ်သိန်း ၆၀ တို့ကို ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ များ မှအဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ် များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူး လွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင် အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက် ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကို လည်း ယခုကဲ့သို့ ကြားသိရပါသည် -ကျွန်တော်ကတော့ PDF ထဲကို ၂၀၂၄ ခုနှစ်၊ ၁၂ လပိုင်းလောက်မှာ စတင်ဝင် ရောက်ခဲ့ပါတယ်။ ကျွန်တော် PDF ထဲရောက်ရောက်ချင်း အခြေခံသင်တန်း ၄ လနဲ့ အထူးကွန်မန်ဒိုသင်တန်း ၄ လကိုတက်ရောက်ခဲ့ပါတယ်။ သင်တန်းဆင်းပြီးတဲ့ နောက် တပ်စိတ်မှူးဖြစ်ခဲ့ပါတယ်။ တပ်စိတ်မှူးအဖြစ်နဲ့ KNU တပ်မဟာနဲ့ပူးပေါင်းပြီး နေထိုင်ရ ပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့နေရာကတော့ ပုလောနယ်တစ်ခွင်မှာ လှုပ်ရှားသွား လာရပါတယ်။ သူတို့တွေက ကျွန်တော်တို့ PDF တွေကို ခွဲခြားဆက်ဆံပါတယ်။ အလုပ် ကြမ်းတွေလုပ်ခိုင်းတယ်။ နှိမ်တယ်။ အသက်အန္တရာယ်ရှိတဲ့အလုပ်တွေကို ကျွန်တော် တို့တွေက လုပ်ခဲ့ရပါတယ်။ စစ်တိုက်တဲ့နေရာမှာဆိုလည်း ကျွန်တော်တို့ PDF တွေက အဓိကလုပ်ကိုင်ရတယ်။ သူတို့တွေက စကားပြောစက်တွေနဲ့ အမိန့်ပေးပြီး အနောက် မှာနေတာများပါတယ်။ တချို့တွေဆိုရင် ဂိတ်ကြေးတွေကောက်တယ်။ ဆက်ကြေးတွေ ကောက်တယ်။ တချို့တွေဆိုလည်း ထိုင်းနိုင်ငံအထဲမှာ ကိုယ်ပိုင်အိမ်တွေတောင်ဝယ် ထားကြပါတယ်။ တချို့ခေါင်းဆောင်တွေကတော့ စီးပွားရေးသမားတွေဖြစ်လာတာကို သိရှိလာရပါတယ်။ ကျွန်တော်တို့တွေကတော့ တောထဲမှာ ပင်ပင်ပန်းပန်းဆင်းဆင်း ရဲရဲနဲ့ ဒုက္ခခံပြီးနေရတာများပါတယ်။ ဘယ်နေ့သေမလဲဆိုပြီး တွေးပြီးနေရတာများပါ တယ်။ အမြဲတန်းကြောက်လန့်တဲ့စိတ်နဲ့နေရတာများပါတယ်။ ကျွန်တော်ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ အခုမှဘဲလွတ်မြောက်လာခြင်းဖြစ်ပါတယ်။ အခွင့်အရေးသာတဲ့အချိန်မှာ တပ်ခွဲမှူးရဲ့သေနတ်ကိုခိုးယူလာပြီး တပ်မတော်ဘက်ကို အလင်းဝင်လိုက်ပါတယ်။ အခုလိုအလင်းဝင်လိုက်ပြီးနောက်ပိုင်းမှာ ကျွန်တော်ကောင်း ကောင်းမွန်မွန်နေထိုင်ရပါတယ်။ ကောင်းကောင်းမွန်မွန်စားသောက်ရတယ်။ လူငယ် တစ်ယောက်ရဲ့ဘဝပျော်ရွှင်မှု ခံစားခွင့်တွေကိုလည်း ပြန်လည်ရရှိခဲ့ပါတယ်။ အဲဒီ အတွက်လည်း နိုင်ငံတော်နဲ့တပ်မတော်အပေါ်အထူးကျေးဇူးတင်ရှိပါတယ်။ တောထဲ မှာကျန်ခဲ့တဲ့ ညီအစ်ကိုမောင်နှစ်မ အပေါင်းအသင်း PDF တွေကိုလည်း အမြန်ဆုံး အလင်းဝင်ပြီး မှန်ကန်တဲ့လမ်းကို ရွေးချယ်ပါလို့ ကျွန်တော်ပြောချင်ပါတယ်။
