တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
နေပြည်တော်၊ မေ-၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံပွဲသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဒုတိယ ဗိုလ်ချူပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများတက် ရောက်ကြပြီး အိန္ဒိယရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံမတ်ကြီး H.E. Mr. Abhay Thakur ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကြည်းတပ်စစ်သံမှူး Colonel Jaswinder Singh Gill ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူး Captain Manoj Kumar Pandey နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ဆက်လက်ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်ခြင်းဖြင့် ခိုင်မာချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့မှုအခြေအနေများ၊ နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်လိုက် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော် နှစ်ရပ်အကြား ယဉ်ကျေးမှုအဖွဲ့များနှင့်အားကစားအဖွဲ့များ အပြန်အလှန် အလည် အပတ်စေလွှတ်မည့် အခြေအနေများ၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ် များ၊ သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်များအကြား စွမ်းဆောင်မှုဆိုင်ရာ မြှင့်တင်ရေး စစ်ရေးလေ့ကျင့်ခန်းများတွင် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ အတွင်း အကြမ်းဖက်သောင်းကျန်းသူများ မရှိစေရေး လုံခြုံရေးအရ ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများနှင့် မြန်မာနိုင်ငံတွင် တရားမျှတ၍ သိက္ခာရှိသော ရွေးကောက်ပွဲ ပြီးမြောက်ကာ ပြည်သူကို ကိုယ်စားပြုသည့် အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ ဆက်လက်လျှောက်လှမ်းကာ ဒေသတွင်းအကျိုးစီးပွားကို ဟန်ချက်ညီ ဆက်လက် ဖော်ဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

