ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ
နေပြည်တော်၊ ၂၀၂၆ မေ ၄
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီး ချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှု နှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လက်ခံနိုင် ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လုံခြုံရေးပူးပေါင်းအဖွဲ့ များက အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ ဝင်ရောက်အခြေပြုနေထိုင် ခြင်းမရှိစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ် အတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို လုပ်ဆောင်စဉ် မိုင်းပန်မြို့၏ မြောက်ဘက် ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်း၏ အရှေ့ဘက်မီတာ ၂၀၀၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအတွင်း မီးရှို့ဖျက်ဆီးထားသည့် ကွန်ပျူတာများ၊ လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလျား ၂၅၀ ပေ နံ ၃၀ ပေရှိ (သွပ်မိုး၊ သွပ်ကာ) အလုပ်ရုံ ၃ ရုံ၊ အလျား ၁၀၀ ပေ အနံ ၃၀ ပေရှိ လူနေတဲ ၈ လုံး၊ All In One ၁ လုံး၊ Laptop ၁၂ လုံး၊ Starlink ၄ လုံး၊ ပါဝါစတေရှင်(အကြီး) ၃ လုံး၊ ပါဝါစတေရှင် (အသေး) ၁ လုံး၊ 200 KV မီးစက်(အကြီး) ၁ လုံး၊ 150 KV မီးစက်(အကြီး) ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှာဖွေ ဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက်ရာ မွန်းလွဲပိုင်းတွင် မိုင်းပန်မြို့၏ မြောက်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာ ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်းအနီး၌ အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်သူ “ဝ” လူမျိုး အမျိုးသား ၁ ဦး၊ ရှမ်းလူမျိုး အမျိုးသမီး ၂ ဦး၊ လားဟူလူမျိုး အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ညနေပိုင်း၌ ၎င်းနေရာ၏ အရှေ့မြောက်ဘက်မီတာ ၆၀၀၀ ခန့်အကွာတွင်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅၂ ဦး တို့အား ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ စုစုပေါင်း ၅၆ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိ သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအားလုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။







