ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ နည်းပြအုပ်ချုပ်သူများ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလှိုဏ်ဂူတော်သို့ သွားရောက်လေ့လာကြည်ညို
နေပြည်တော်၊ ၂၀၂၆ မေ ၄
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များကို ရေကြောင်းပညာနှင့် လေကြောင်းပညာဆိုင်ရာ ဗဟုသုတများ ရရှိတိုးပွားစေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင် သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများကို ဧပြီလ ၂၇ ရက်က သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိ သည်။
ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိသည့် ရေကြောင်းလူငယ်နှင့် လေကြောင်း လူငယ် အခြေခံသင်တန်းများနှင့်တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြ၊ အုပ်ချုပ်သူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူတော်ကြီးသို့ ရောက်ရှိလေ့လာကြသည်။
ဦးစွာ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြ၊ အုပ်ချုပ်သူများ သည် ဆဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား လေ့လာဖတ်ရှုကြသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြ၊ အုပ်ချုပ်သူများသည် ဆဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲတွင် ပထမ သင်္ဂါယနာတင်မှ ဆဋ္ဌမသင်္ဂါယနာတင် အကြောင်းအရာများနှင့် ယနေ့ခေတ် သာသနာ တော်ဆိုင်ရာ ဆောင်ရွက်ချက်များကို ပြကွက်(၁၀)ကွက်ဖြင့် ပြသထားရှိမှုများကို စိတ်ပါ ဝင်စားစွာကြည့်ရှုလေ့လာကြည်ညိုကြရာ ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ)မှ တာဝန်ရှိသူများက ပြခန်းကဏ္ဏအလိုက် ဗဟုသုတရရှိဖွယ် လိုက်လံရှင်းလင်းပြသကြပြီး သင်တန်းသား၊ သင်တန်းသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းဖြေကြား ပေးသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအဂ္ဂမဟာပဏိ္ဏတ ဘဒ္ဒန္တဆေကိန္ဒက ရေကြောင်း လူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့် သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများအား ဗုဒ္ဓဆိုင်ရာ အမေးအဖြေများ ပြုလုပ်ကာ ဆုံးမ ဩဝါဒစကားများပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ဆဌသင်္ဂါယနာတင်ရခြင်း သမိုင်းကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက နှုတ်ခွန်းဆက် စကားပြောကြားသည်။
သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုင်ဂူသိမ်တော်ကြီး၌ ဆဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာအခမ်းအနားကို ဧပြီလ ၃၀ ရက်မှ မေလ ၂ ရက်အထိ သုံးရက်တိုင်တိုင်ကျင်းပခဲ့ကြောင်းနှင့် ဆဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ်ပြခန်းကို မေလ၁၀ရက်အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသထားမည်ဖြစ်၍ ထေရဝါဒ ဗုဒ္ဓသာသနာတော် တည်တံ့ခိုင်မြဲစေရန် ခေတ်အဆက်ဆက် ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံများကို ဗုဒ္ဓဘာသာဝင် ပြည်သူများအနေဖြင့် လေ့လာကြည့်ရှု ကြည်ညို သဒ္ဓါပွားများနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ လာရောက်လေ့လာကြသည့် ကျောင်းသား/ကျောင်းသူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါသည် -
၁။ အခုလိုမျိုး ဒီမဟာပါသာဏလိုဏ်ဂူတော်ကြီးအတွင်းနဲ့ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်း၊ နောက် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းအားလုံးရဲ့ သမိုင်းထဲမှာ အထင်ရှားဆုံးနဲ့ သမိုင်းမှတ်တိုင် စိုက်ထူခဲ့တဲ့ နေရာ၊ သို့မဟုတ် ဆဋ္ဌသင်္ဂါယနာလို့ခေါ်တဲ့ ကြီးကျယ်ခမ်းနားလှသော သံဃာများ စုဝေးပြီး ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မ ဒေသနာတော်များကို အစဉ်တစိုက် ပြန်လည်ရွတ်ဖတ်ပွားများပြီး ပြန်လည်မှတ်တမ်းတင်ခဲ့တဲ့ အခုလိုမျိုး အဆောက်အအုံကြီးကို လာရောက်လေ့လာခွင့်ရတဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်မှာ ကြက်သီး ထမိလောက်အောင်ကို ကျွန်တော် ပီတိခံစားမိရပါတယ်ခင်ဗျ။ ဒီမဟာပါသာဏလိုဏ်ဂူတော်ကြီးရဲ့ တည်ဆောက်ပုံနဲ့ ဒီ ပဉ္စင်ကျင်းပတဲ့ အခမ်းအနားတွေကို လေ့လာခွင့်ရတဲ့အခါမှာ ကျွန်တော်ဟာ အင်မတန်ကို အံ့ဩမိသံမိပါတယ်။
အခုလို အစိုးရနဲ့ ပြည်သူ အတူတကွ ပူးပေါင်းပြီး လက်တွဲညီညီနဲ့ Harmoniously လို့ခေါ်တဲ့ ညီညာစွာ အတူတကွ တည်ထောင်ပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူအားလုံးရဲ့ ဗုဒ္ဓဘာသာ၊ သို့မဟုတ် တစ်ကမ္ဘာလုံးကမ္ဘာသားအားလုံးရဲ့ ဗုဒ္ဓဘာသာကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြတဲ့ ဗုဒ္ဓသာသနာတော်ကြီးအပေါ် သက်ဝင်ကိုင်းရှိုင်းမှုတွေကို လေ့လာခွင့်ရရှိတဲ့အတွက် အင်မတန်မှကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ တုန်းက အကုန်စုပေါင်းပြီး တစ်စုတစ်စည်းတည်းနဲ့ ဆန္ဒတစ်ခုတည်းကို အကောင်အထည်ဖော်ခဲ့ကြတဲ့ အတွက် ယခုလိုမျိုး ဆဋ္ဌသင်္ဂါယနာတင်ခြင်းလို့ခေါ်တဲ့ ဗုဒ္ဓသာသနာတော်မှာ သာသနာ့ရောင်ဝါ အစဉ်ထွန်းပြောင်စေမယ့် လုပ်ရပ်ကြီးတစ်ခုကို လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး ကျွန်တော်တို့ နောင်ကလာတဲ့ လူကြီးမင်းများဖြစ်ကြတဲ့ နိုင်ငံတော်အကြီးအကဲတွေ အားလုံးဟာ အခုလို စုပေါင်းပြီးတော့ ပြန်လည်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အခုလို ဗုဒ္ဓသာသနာ တော်ဟာ နေလိုလလို ရောင်ဝါထွန်းလင်းတောက်ပနေတာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်မိပါ တယ်ခင်ဗျ။ အခုလိုမျိုး စည်းလုံးညီညွတ်မှုတွေကို လေ့လာခွင့်ရခဲ့တဲ့အတွက် ကျွန်တော်တို့ ရေကြောင်းလူငယ်အချင်းချင်းမှာလည်း သင်တန်းသူ၊ သင်တန်းသားများအားလုံး အချင်းချင်း အတူတကွ စုပေါင်းညီညွတ် ဆောင်ရွက်ကြရမယ်၊ အဲဒီနောက်မှာမှ Goals လို့ခေါ်တဲ့ မိမိတို့ရည်မှန်းထားတဲ့ ရည်ရွယ်ချက်တစ်ခုကို အောင်မြင်အောင်လုပ်မယ်ဆိုရင် အတူတကွ အစုအပေါင်းအားနဲ့သာ ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို လေ့လာမိရပါတယ်ခင်ဗျ။
ဗုဒ္ဓဘာသာဆိုတာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ထဲမှာ မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံ သားအများစုရဲ့ ကိုးကွယ်ရာ ဂုဏ်ထူးဝိသေသတွေနဲ့ ပြည့်စုံတဲ့ ဘာသာတစ်ခုပဲ ဖြစ်ပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေအတွက် ရင်ထဲကနေ စွဲမြဲနေတဲ့ ဗုဒ္ဓဘာသာ၊ ဘာသာ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်ဖို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခုလို ရေကြောင်းလူငယ် တက်ရောက်လာကြတဲ့ သင်တန်းသူ၊ သင်တန်းသားများအားလုံးအနေနဲ့ရော၊ ကျောင်းသားတစ်ယောက်အနေနဲ့ရော၊ လူငယ်မောင်မယ်တစ်ယောက်အနေနဲ့ရော အခုလို အမျိုး၊ ဘာသာ၊ သာသနာကို အသက်ထက်ဆုံး ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ စိတ်ဓာတ်တစ်ခုကို ကျွန်တော့်ရဲ့ အသည်းနှလုံး စိတ်ဓာတ်တစ်နေရာထဲမှာ ထာဝစဉ် ကမ္ပည်းတင်မှတ်တမ်းထိုးလိုက်နိုင်တယ်လို့ ကျွန်တော် အခိုင်အမာပြောကြားလိုက်ပါတယ်ခင်ဗျ။
ကျွန်တော်တို့ကို အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတတွေ ရရှိအောင် ကျွန်တော်တို့ကို အသစ်အသစ်သော ဒေသန္တရဗဟုသုတတွေ၊ အဲဒီနောက်မှာ လောကီ လောကုတ္တရာ နှစ်ဖြာသော ဗဟုသုတတွေကို သိရှိအောင်လို့ ကျွန်တော်တို့ကို အခုလို လေ့လာရေးခရီးတွေ၊ နောက် ထင်ရှားတဲ့ အထင်ကရနေရာတွေ၊ နောက် အခုလို သမိုင်းဝင်နေရာတွေဖြစ်တဲ့ ဒီဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ မဟာပါသာဏလိုဏ်ဂူတော်ကြီးနဲ့အတူ ကမ္ဘာအေးစေတီတော်မြတ်ကြီး စတဲ့နေရာတွေကို လေ့လာခွင့် ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ အခုလို စီစဉ်ပေးခဲ့ကြတဲ့ နိုင်ငံတော်သမ္မတကြီးရော၊ နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော် အကြီးအကဲများ၊ စစ်ဘက်တပ်မတော်အရာရှိကြီးများအားလုံးကို ဒီနေရာကနေပြီးတော့ ကျွန်တော် လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်းနဲ့ အခုလိုမျိုး ဆက်ဆက်လက်ပြီးတော့ ကျွန်တော့်ရဲ့ ညီငယ်၊ ညီမငယ်တွေအားလုံးကိုလည်း ဆောင်ရွက်ပေးနိုင်ပါစေလို့ ဒါ မျှော်လင့်ရင်းနဲ့ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်ခင်ဗျ။
၂။ သမီးအနေနဲ့ဆိုလို့ရှိရင် ပေါ့နော်၊ အခြေခံရော အတန်းမြင့်ရော ကျော်ဖြတ်ခဲ့ပြီးတော့မှ အကူနည်းပြအနေနဲ့ လာရောက်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်ရှင်။ အဲတော့ ဒီမှာဆိုလို့ရှိရင် သမီးတို့တွေအနေနဲ့ တစ်နှစ်နဲ့တစ်နှစ်ဆိုလည်း လေ့လာရေးခရီးတွေက မတူညီဘူးပေါ့နော်။ အဲတော့ အတွေ့အကြုံသစ်တွေလည်း အများကြီးရတယ်။ ပြီးလို့ရှိရင် ရှေးပြခန်းတွေမှာဆိုလို့ ရှိရင်ပေါ့၊ ဒီပိဋကတ်စာပေတွေအကြောင်းလည်း အများကြီးလေ့လာခဲ့ရပါတယ်ရှင်။ အဲမှာဆိုလို့ရှိရင် မူရင်းခဲနဲ့ ရေးသားထားတဲ့ ပိဋကတ်တွေအကြောင်းလည်း သိရတယ်။ ပြီး ကွန်ပျူတာနဲ့ ပြန်လည ်ပြုပြင်ထားတဲ့ ပိဋကတ်တော်တွေနဲ့ ပြီးရင် ရွှေသွပ်ဝန်ဆရာတော်ကြီး ပြန်လည်ပြုစုထားတဲ့ ပေါ့နော်၊ ဒီပိဋကတ်အများကြီးအကြောင်းလည်း လေ့လာခဲ့ရပါတယ်ရှင်။
ဒီလို လေ့လာခွင့်ရရှိတဲ့အတွက် ပေါ့နော်၊ ညီမတို့အနေနဲ့ဆိုလို့ရှိရင်လည်း ဒီဗုဒ္ဓဘာသာ အသိတရားတွေ အများကြီး ရရှိခဲ့ပါတယ်။ ပြီးရင် ဒီလိုမျိုး သာသနာ ပြန့်ပွားစေတဲ့နေရာတွေ လေ့လာရတဲ့အတွက် မျိုးချစ်စိတ်ဓာတ်၊ ဇာတိမာန်တွေလည်း အများကြီး တက်ကြွစေခဲ့ပါတယ်ရှင်။ ဒီလူငယ်တွေအနေနဲ့ပေါ့နော်၊ ဆရာတော်ကြီးတွေ ချမှတ်ထားတဲ့ ဆုံးမဩဝါဒတွေကို ခံယူပြီးတော့ ဘာသာသာသနာတွေ တိုးပွားစေမယ့် နေရာတွေကိုလည်း ပိုမိုပြီးတော့ လေ့လာသင့်တယ်။ ပြီးလို့ရှိရင် ကိုယ်တိုင်ကနေစပြီးတော့ ဒီဘာသာရေး ကောင်းမွန်အောင်လို့ ကြိုးစားပြီးတော့ ဒီပတ်ဝန်းကျင်မှာရှိတဲ့ လူငယ်တွေကိုလည်း ဖြည်းဖြည်းချင်း လက်ဆင့်ကမ်းသွားသင့်တယ်လို့ ထင်ပါတယ်ရှင်။
ဒီကလေးတွေအနေနဲ့ဆိုလို့ရှိရင် သင်တန်းမှာကတည်းက စည်းရုံးရေးမှာဆိုလို့ရှိရင် ပူးပေါင်းဆောင်ရွက်မှုနဲ့ မိန့်နာခံတတ်ခြင်းဆိုတဲ့ဟာ သင်ကြားပေးပြီးသားဖြစ်ပါတယ်ရှင်။ အဲတော့ ကလေးတွေအကုန်လုံးမှာ စည်းကမ်းတကျနဲ့ လုပ်ဆောင်တတ်တဲ့ စွမ်းရည်ရှိပြီးသားဖြစ်တဲ့အတွက် ညီမတို့အနေနဲ့ကပေါ့နော်၊ အဖေကနေ နည်းလမ်းတကျဖြစ်သွားဖို့အတွက် အကူအညီ လမ်းပြပေးဖို့ပဲ လုပ်ပေးရုံပါပဲရှင်။ အခုဆိုလို့ရှိရင် ကလေးတွေအနေနဲ့ မရောက်ဖူးတဲ့ နေရာတွေလည်း ရောက်ရတယ်။ ဒီလို ဒေသန္တရဗဟုသုတတွေလည်း အများကြီးရတဲ့နေရာတွေ ပြသခွင့်ပေးတဲ့ လူကြီးတွေကို များစွာကျေးဇူးတင်ရှိရပါတယ်ရှင်။
၃။ ဆဋ္ဌသင်္ဂါယနာတင်ပွဲဆိုတာက ကမ္ဘာ့ထေရဝါဒဗုဒ္ဓသာသနာရဲ့ သမိုင်းဝင် လိုဏ်ဂူတော်ကြီး လည်း ဖြစ်ပါတယ်။ အဲဒီလိုဏ်ဂူတော်ကြီးကို သမီးတို့ လာရောက်လေ့လာတဲ့အတွက် ကျေးဇူးအများ ကြီးတင်ပါတယ်။ ဒီပြတိုက်ကြီးမှာ မင်းကွန်းဆရာတော်ကြီး သုံးဆောင်ခဲ့တဲ့ အသုံးအဆောင်တွေကို သဘောကျပါတယ်။ ပြီးတော့ ဒီလိုကြီးမားတဲ့ လိုဏ်ဂူတော်ကြီးနဲ့ သင်္ဂါယနာတင်ပွဲကြီးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ရှေးလူကြီးတွေရဲ့ စည်းလုံးညီညွတ်မှု၊ ဇွဲလုံ့လရှိမှုတွေကို စိတ်ဝင်တစားနဲ့ လေ့လာရပါတယ်။ အခုလေ့လာရေးကနေရတဲ့ ဗဟုသုတတွေကနေတစ်ဆင့် သမီးတို့ရဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာသာသနာကို နောက်တစ်ချိန်မှာ သမီးက လူငယ် တစ်ယောက် အနေနဲ့ ဆက်လက်ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။ လာရောက်လေ့လာတဲ့အတွက် လည်း ဝမ်းသာမိပါတယ်။
၄။ ကျွန်တော်တို့ကိုယ်တိုင် ဒီလို သာသနာ့နယ်မြေထဲကို လာရောက်လေ့လာခွင့်ရတဲ့အတွက် အရမ်းအရမ်းကို ဂုဏ်ယူမိပြီးတော့ ပျော်ရွှင်ဝမ်းသာမိပါတယ်ခင်ဗျ။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဒီလို လေ့လာခွင့်ရတဲ့အတွက် အရမ်းအရမ်းကို ကျေးဇူးတင်မိပါတယ်ခင်ဗျ။ ကျွန်တော်တို့ မဟာပါသာဏလိုဏ်ဂူတော်ကြီးထဲမှာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းများကို တွေ့ရပြီး မင်းကွန်း ဆရာတော်ဘုရားကြီးနဲ့ သီဟိုဠ်ဆရာတော်ဘုရားကြီးတို့ ဓမ္မဆိုင်ရာ၊ သာသနာဆိုင်ရာ မေးခွန်း များကို ပြန်လည်မေးထုတ်နေကြတဲ့ မြင်ကွင်းများကို တွေ့ရပြီး အရမ်းအရမ်းကို ဂုဏ်ယူဝမ်းသာ မိပါတယ်ခင်ဗျ။ ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲကြီး နှစ် ၇၀ ပြည့် အခမ်းအနားကို လာရောက် လေ့လာခွင့်ရတဲ့အတွက် ကျွန်တော်တို့ အရမ်းကို ကျေးဇူးတင်မိပြီး ဂုဏ်ယူမိပါတယ်ခင်ဗျ။ ကျွန်တော် တို့ လေကြောင်းလူငယ်တွေအနေနဲ့ဆိုတာ ဆက်လက်ပြီး ထိန်းသိမ်းနိုင်အောင် ကြိုးစားပါ့မယ်ခင်ဗျ။ ရှေးစစ်စစ်က လုပ်ပေးခဲ့တဲ့ ရှေးလူကြီးတွေ၊ သမ္မတကြီးတွေကိုလည်း ကျွန်တော်တို့ ကျေးဇူးအများကြီးတင်မိပါတယ်ခင်ဗျ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်မသွားရအောင် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်ခင်ဗျ။ ကျွန်တော်တို့ ကိုယ်တိုင် ကျရာကဏ္ဍကနေ တာဝန်ထမ်းဆောင်ပြီးတော့ ညီငယ်၊ ညီမငယ်လေးတွေ၊ လူငယ်လေး တွေ၊ မျိုးဆက်သစ်တွေကို ကျွန်တော်တို့ ထိန်းသိမ်းနိုင်အောင် လက်ဆင့်ကမ်းသွားပါ့မယ်ခင်ဗျ။














