၂၀၂၅ခုနှစ်၊ မတ်လ၂၈ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် နန်းတော်ဦး လောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ပဋိသောတဂါမိနီဓမ္မဗိမ္မာန်တော်၌ ပြုလုပ်ရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်တိက္ခသာရ အမှူး ပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည် ၊မိသားစုဝင်များ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ထိုနောက် မင်္ဂလာအချိန်တွင် ငွေခရုသင်း၊ အိုးစည်ဗုံမောင်းတို့ဖြင့် တီးမှုတ်ခဲ့ပြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆင်တော်မင်္ဂလာပေါ်သို့ပင့်ဆောင်သည်။
ဆက်လက်၍ ကေတုမတီမြို့သစ်၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်မှ နန်းတော်ဦး လောကမာရဇိန်စေတီတော်မြတ်ကြီးသို့ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ဆင်တော်ဖြင့် ပင့်ဆောင်ရာတွင် လမ်းတလျောက်၌ ဖူးမြှော်ကြည်ညှိုသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိ ကြောင်းသတင်းရရှိသည်။

