ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးထိန်လင်းနှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန် မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင် ပန်းခြံသို့ရောက်ရှိကြပြီး ရှင်းလင်းဆောင်ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် က ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံတော်အကြီးအကဲ လှိုင်သာယာမြို့နယ်သို့ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေ များ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အနော်ရထာစက်မှုဇုန်အတွင်း ဧရာဝတီ လမ်းတစ်လျှောက် ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေရေးဆောင်ရွက်ထားရှိမှု၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဝဲယာတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ကွင်း ဆင်း စစ်ဆေးတိုင်းတာမှုများပြုလုပ်ပြီး ဇလားပုံရေမြောင်းများဖောက်လုပ်လျက်ရှိမှု အခြေအနေများ၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာတံတားလမ်းရေစီးရေလာ ကောင်း မွန်ရေးဆောင်ရွက်ထားရှိမှုနှင့် လှိုင်မြစ်ထွက်ပေါက် ရေတံခါးများဆောက်လုပ်ထားရှိမှု၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ညောင်တုန်းလမ်းတစ်လျှောက် ရေစီးရေလာကောင်း မွန်ရေး ဆောင်ရွက်ထားရှိမှု၊ လမ်းမကြီးများတိုးချဲ့ရာတွင် ရွေ့ပြောင်းရန်လိုအပ်သည့် လျှပ်စစ်မီးတိုင်များနှင့် ဆက်သွယ်ရေးတိုင်များအား ရွေ့ပြောင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းဘေးဝဲယာများတစ်လျှောက် သန့်ရှင်း သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့ပြအင်္ဂါ ရပ်များနှင့်အညီဖြစ်စေရေးအတွက် လမ်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ် ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ RC Box Culvert များ တည်ဆောက် ထားရှိမှု၊ တံတားများတိုးချဲ့တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ရန်ကုန်မြို့အတွင်း လျှပ်စစ် ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေရေးနှင့် အန္တရာယ်ကင်းရှင်းမှု ရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းမကြီးများတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျတွက်ချက်ပြီး ဆောင်ရွက်သွားရန်လို သကဲ့သို့ ရပ်ကွက်များအတွင်း၌လည်း ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်သွား ရန်လိုကြောင်း၊ ရေမြောင်းများဖောက်လုပ်ရာတွင်လည်း ရေစီးဆင်းမှုများ အဆင်ပြေ စေရန်အတွက် စနစ်တကျဆောက်လုပ်ရန်လိုကြောင်း၊ ရေစီးရေလာများကောင်းမွန် မှသာအနံ့အသက်ဆိုးများထွက်ရှိမှုလျော့နည်းသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ကိုက်ညီ ကာ သန့်ရှင်းသာယာသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် မိုးရာသီ သို့ မရောက်ရှိမီ အချိန်မီပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် ရေဆိုးထုတ်စနစ်များ ကောင်းမွန်အောင် စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနုတ်မြောင်းများပိတ်ဆို့မှု မရှိ စေရေးအတွက် အမှိုက်စွန့်ပစ်သည့်စနစ်များကို စနစ်တကျဖြင့်အဆက်မပြတ် ဆောင် ရွက်သွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့ပြဖွံ့ဖြိုး သာယာလှပရေးအတွက်ပါ စနစ်တကျတွက်ချက် ဆောက်လုပ်သွားရန်လိုကြောင်း၊ လမ်းများတိုးချဲ့အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လူသွားလမ်း ပလက်ဖောင်းများ စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရန်နှင့် ရေနုတ်မြောင်းများ ကိုလည်းစနစ်တကျထည့်သွင်း ဖောက်လုပ်သွားရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း ယာဉ်သွားလာမှုများ ပိုမိုလွယ်ကူလျင်မြန်စွာဖြင့် သွားလာနိုင်ရေးလမ်းများ တိုးချဲ့ အဆင့်မြင့်တင်ခြင်းလုပ်ငန်းများအား စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်သွားရန်နှင့် ယာဉ်များ စနစ်တကျသွားလာနိုင်ရေး လမ်းညွှန်အမှတ်အသားများအား သတ်မှတ်ချက် များနှင့် အညီထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း။
လှိုင်သာယာမြို့နယ် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာများကောင်းမွန်ရေး နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ လှိုင်သာယာမြို့ နယ်၏ မြို့ပြစနစ်အား စနစ်တကျဖြစ်စေရေး Town Plan ကိုစနစ်တကျတွက်ချက် ရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ပြများအသစ်တည်ဆောက်ရာ၌ Town Plan ရေးဆွဲရာတွင် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်းရေစီး ရေလာကောင်းမွန်စေရေး သက်ဆိုင်ရာအင်ဂျင်နီယာဌာနများ မှ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းသုတေသနပြု၍ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုရှိစေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် စည်းကမ်းများအား လိုက်နာမှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ရန်ကုန်မြို့အတွင်း သန့်ရှင်းသာယာလှပရေး အတွက် တာဝန်ရှိသူများ အနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ပြလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျတွက်ချက်ဆောင်ရွက်သွားကြရန်လိုပြီး အများပြည်သူ များအပန်းဖြေသည့် ပန်းခြံများ၊ ဥယျာဉ်များနှင့် အားကစားကွင်းများ တည်ဆောက် ရာတွင် မြို့ပြတွင်နေထိုင်သည့်လူဦးရေအပေါ်တွင် မူတည်တွက်ချက်၍ တည်ဆောက် သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားမှုများ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ရေနုတ်မြောင်း နှင့် ပလက်ဖောင်းအကြား၌ အရိပ်ရပင်များ စိုက်ပျိုးသွားရန်၊ ရေစီးရေလာကောင်းမွန် စေရေး စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ ကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ ညောင်တုန်းလမ်း၊ တပင်ရွှေထီးလမ်း၊ ကနောင်မင်းသား ကြီးလမ်း၊ ခရေပင်လမ်းတစ်လျှောက် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းအင်္ဂါရပ်နှင့် အညီ ဖြစ်စေရေးဆောင်ရွက်ထားရှိမှု၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းတစ် လျှောက် ရေနုတ်မြောင်းများ အဆင့်မြှင်တင်ဆောင်ရွက်လျက်ရှိမှု၊ လမ်းနှင့်မလွတ် ကင်းသည့် ဓာတ်အားတိုင်များအားရွှေ့ပြောင်းဆောင်ရွက်ထားရှိမှုနှင့် လမ်းများအဆင့် မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားလမ်း၊ ပြည်လမ်း၊ နွယ်ခွေလမ်းမှတဆင့် အမှတ်(၃)လမ်းမကြီး၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းတစ်လျှောက် လမ်းနယ်အတွင်း ကျူးကျော်ရောက်ရှိနေသည့် အခိုင်အမာ အဖီအဆွယ် ဈေးဆိုင်ခန်းများအား စနစ်တကျဖြစ်စေရေးနှင့် လမ်းနယ်နိမိတ် ပြင်ပသို့ ပြန်လည်ရွှေ့ပြောင်းပြီးစီးမှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မော်တော်ကားလမ်းများ လမ်းနယ်နိမိတ်စနစ်တကျဖြစ်စေရေး၊ လမ်းအင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် အခြား လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။







