၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ မေ ၁
၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ရာ တောင်ငူ လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီးရန်နိုင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ/စစ်သည်များ၊ မိသားစုဝင် များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲတွင် တစ်ဦးချင်း ဆုရရှိသူများနှင့် အသင်းလိုက်ဆုရရှိသူများကို တာဝန်ရှိသူများကလည်းကောင်း၊ တံခွန်စိုက်ဒိုင်း ရရှိသော တောင်ငူလေတပ်စခန်းဌာနချုပ်အသင်းအား ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား တောင်ငူလေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး ရန်နိုင် ကလည်းကောင်း တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်(လေ)ကွပ်ကဲမှုအောက်ရှိ လေတပ် ကွပ်ကဲမှုဌာနချုပ်များ၊လေတပ်စခန်းဌာနချုပ်များနှင့်လေတပ်စခန်းအသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း ၁၃ သင်း၊ အမျိုးသမီး အသင်း ၁၁ သင်း တို့ဖြင့် ဧပြီလ ၂၇ ရက်မှ ယနေ့အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
