ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား/သင်တန်းသူများ၊ နည်းပြ/အုပ်ချုပ်သူများ  သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများသို့ သွားရောက်၍ ကဆုန်ညောင်ရေသွန်းလောင်း နေပြည်တော်၊ ဧပြီ - ၃၀

Thursday, April 30, 2026 - 18:45

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား/သင်တန်းသူများ၊ နည်းပြ/အုပ်ချုပ်သူများ  သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများသို့ သွားရောက်၍ ကဆုန်ညောင်ရေသွန်းလောင်း

နေပြည်တော်၊ ဧပြီ - ၃၀

                 ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ် ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိ ဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း ဖွင့်ပွဲများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

                 ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိသည့် ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား/သင်တန်းသူများနှင့် နည်းပြ/ အုပ်ချုပ်သူများသည် ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနေ့တွင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများသို့သွားရောက်ပြီး မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်း၊ စေတီတော်ရင်ပြင်များတွင် သန့်ရှင်းရေး ဆောင်ရွက် ကုသိုလ်ပြုခြင်းများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။