အောင်ပန်းမြို့ (၁၀၈)တောင် စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၆ ဧပြီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈)တောင် စေတီတော် မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် ရေစက်ချအလှူတော် မင်္ဂလာ ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်ကြီး ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သံဃာတော်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး နှင့်တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်ပန်းမြို့၊ အောင်ချမ်းသာကျောင်းတိုက်ဆရာတော် ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်မြတ်များ နာယူကြည်ညို ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော် အရှင်သူမြတ်များထံသို့ စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင်ဆုရ ပြည်တွင်း/ပြည်ပ ကမ္ဘာ့ဗုဒ္ဓ သာသနာပြု အောင်ဆန်းဆရာတော် မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ မင်္ဂလာဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာကာသီ သီရိကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ ဒေါက်တာ သဒ္ဓမ္မကိတ္တိသာရ ထံတွင် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြများက ရတနာ စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အားပင့်ဆောင်၍ စေတီတော်ကြီးအား လယျာ်ရစ်လှည့်လည်ပူဇော်ကြပြီး မင်္ဂလာပန်းရထားဖြင့် စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား စေတီတော်အထွဋ်သို့ အစီအစဉ်အတိုင်း ပို့ဆောင်တင်လှူ ပူဇော်ကြကာ သံဃာတော်အရှင်သူမြတ်တို့မှ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကာ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက သံဃာတော် များအား စေတီတော်ကြီးအတွင်း၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။

