နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့်  KIA အဖွဲ့နှင့် KPDF  အမည်ခံအဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့  ဝင်ရောက် နေပြည်တော်၊ ၂၀၂၆ ဧပြီ ၂၉

Wednesday, April 29, 2026 - 18:45

            နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် KIA အဖွဲ့ နှင့် KPDF  အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ဦး၊ စုစုပေါင်း ၄ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ  ဉပဒေဘောင် အတွင်းသို့  ထပ်မံဝင်ရောက်လာကြသည်။

            ထိုသို့ ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့်  အမျိုးသမီး ၁ဦး၊ စုစုပေါင်း  ၄ ဦး တို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်ရှိ ရဲမာန်အောင်ခန်းမ၌ ပြုလုပ်ရာ တနိုင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။

ဦးစွာ  တာဝန်ရှိသူတစ်ဦးက  ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် Ko ပါရီ သေနတ် ၁ လက်၊ KA-25 ဗုံးပစ်လောင်ချာတွဲသေနတ် ၁ လက်၊ K-25 သေနတ် ၁လက်၊ လက်ပစ်ဗုံး ၄လုံး၊ ကျည် ၆၀၀တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်၊ စကားပြောစက် ၁ လုံး နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ယင်းနောက်  တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများအား   မောင်းပြန်ရိုင်ဖယ် ၂ လက် အတွက် ငွေကျပ်သိန်း ၁၀၀၊ K-25 ဗုံးပစ်လောင်ချာတွဲသေနတ် ၁ လက်အတွက် ငွေကျပ် ၇၅သိန်း လက်ပစ်ဗုံး ၄ လုံးအတွက် ငွေကျပ် ၁၂ သိန်းနှင့် ဥပဒေဘောင်အတွင်းဝင်ရောက် လာသူများ အတွက် ငွေကျပ်သိန်း ၂၀ ၊စုစုပေါင်းငွေကျပ်  ၂၀၉ သိန်းကို ပေးအပ်ပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံ ပေးကြ သည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေး ပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင် တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊  အနေ အစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင် တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ် ကို စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိ ရသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။