နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည် တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများလုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် တရုတ်နိုင်ငံသား ၂ ဦး နှင့် မြန်မာနိုင်ငံသား ၁၂ ဦး ကို လုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်း များနှင့်အတူလည်းကောင်း၊ မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက် ရှိသည့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးကိုလည်းကောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ရပ်ကွက်များအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ် ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဖွေဟုန်းနယ်မြေရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး တိမ်းရှောင်ပုန်းခိုနေသည့် တရားမဝင် တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦးတို့ကို အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော ဖုန်းမျိုးစုံ ၂၄ လုံး၊ All in One ကွန်ပျူ တာ ၁၉ လုံး၊ TP Link ၁ လုံး၊ Wifi စက် ၆ လုံးနှင့် အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် မူဆယ်မြို့အတွင်း၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က ညနေ ၄ နာရီ ၃၀ မိနစ်ခန့် တွင် ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ထပ်မံစစ်ဆေးရာ အဆိုပါနေအိမ်အတွင်းမှ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၂၆ ဦးကို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်း ကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်း လိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံ သားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှု နှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက် ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။







