တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ရှမ်းစုကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတေ်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ ဧပြီ ၂၈
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ရှမ်းစုကျေးရွာ ရှိ အောင်မြေရတနာကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော် ၄ ပါးနှင့် ဒေသခံပြည်သူ ၁၀၄ ဦးတို့ကို အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းတိုက်ဆရာတော်အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

