ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများ တိုးပွားစေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူး နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင် ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍအရေးပါကြောင်း လူငယ်များ သိရှိနားလည်စေရန်၊ လှေလှော်အား ကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့် အားကစားသမားများ မွေးထုတ်ပေးရန်စသည့်ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) နှင့်ရေကြောင်း လူငယ်တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆)တို့ကို ယနေ့တွင် သက်ဆိုင် ရာမြို့နယ် အသီးသီး၌ဖွင့်လှစ်ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားများသို့ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများ၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။
ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော် (ရေ)သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊ အခြေခံစစ်ရေးပြ နှင့် အခြေခံရေတပ်သား ဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်း သွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံ ရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို စာတွေ့/လက်တွေ့သင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းစခန်း ၁၃ ခုမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းစတုတ္ထပတ်၌ ရန်ကုန်မြို့တွင် စုစည်း၍ စခန်းပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်သွား မည်ဖြစ်သည်။
၎င်းအပြင် လေ့လာရေးခရီးစဉ်များအဖြစ် နေပြည်တော်ကောင်စီ နယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ တန်ခိုးကြီးဘုရားများ၊ အထင်ကရနေရာများ၊ တပ်မတော်လေယာဉ်နှင့် စစ်ရေယာဉ်များလေ့လာရေးများအပြင် စစ်ရေယာဉ် ဖြင့် ရန်ကုန်မြစ်ဝသို့ ရေလမ်းကြောင်း လေ့လာရေးခရီးစဉ် ပို့ဆောင်ခြင်း များကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများက ခင်းကျင်း ပြသ ထားသော သင်ထောက်ကူပစ္စည်းများနှင့် တပ်မတော်(ရေ) ပြကွက်များအား လှည့်လည် ကြည့်ရှုပြီး စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
သင်တန်းဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်း ဒေသကြီးတွင် မန္တလေးမြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ဟိုင်းကြီးကျွန်းမြို့နှင့် ပုသိမ်မြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ဟိန်းဇဲဒေသ၊ မြိတ်မြို့နှင့် ကျွန်းစုမြို့၊ ကရင် ပြည်နယ်တွင် ဘားအံ မြို့နှင့် ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့ တို့ရှိ ရေကြောင်းလူငယ် စခန်းများ၌ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦးတို့ဖြင့် အသီးသီး ဖွင့်လှစ်ကြသည်။
အဆိုပါ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၆)ကို ယနေ့မှ မေလ ၂၉ ရက်အထိ ရက်သတ္တ ၅ ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းသင်တန်းများကို ၁၉၅၉ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆,၅၅၀ ဦးတို့အား ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
အလားတူ ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ် များ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လေကြောင်းပညာသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့်အာကာသသိပ္ပံ ပညာရပ်များတွင် စိတ်၀င်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းများတွင် အထောက် အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့ အကျင့်ရရှိစေရန်နှင့် လူငယ်များ၏ ဝါသနာပါရာ လေ့ကျင့်မှုအနေဖြင့် မြှင့်တင်ပေးရန်၊ မျိုးဆက် သစ်လူငယ်မောင်မယ်များကို ယုံကြည်ချက်၊ ခံယူချက် မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)မှ ကြီးမှူးဖွင့် လှစ်သည့် အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၉)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် သင်တန်း စခန်းအပါအဝင် သင်တန်းစခန်း ၂၀ ခု၌ ကျင်းပသည်။
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)၊ နေပြည်တော် သင်တန်း စခန်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တာဝန်ရှိသူများ၊ တပ်မတော် အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။ ထို့နောက် သင်တန်းသားများအတွက် အသုံး အဆောင်ပစ္စည်းများပေးအပ်၍ ခင်းကျင်း ပြသထားသော သင်ထောက်ကူ ပစ္စည်းများနှင့် တပ်မတော် (လေ)ပြကွက်များအား လှည့်လည် ကြည့်ရှုပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေကြောင်း လူငယ်သမိုင်း၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြ(လက်နက်မဲ့) ဘာသာ ရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ် သည်။ တန်းမြင့်လေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းဆိုင်ရာအခြေခံ ဗဟုသုတ၊ Airfield Procedure ၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ (လက်နက်ပါ)၊ လွတ်လပ် ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန် ဘာသာရပ်များ ထည့်သွင်းပို့ချ ပေးသွားမည်ဖြစ်ပြီး တပ်မတော်(လေ)တွင်ရှိသော ပျံသန်းရေးအုပ်များ ပြုပြင် ထိန်းသိမ်းရေးအလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
ထို့အပြင် သင်တန်းစခန်းများအလိုက် ထူးချွန်သင်တန်းသားများကို အမောင်း သင်လေယာဉ်/ ရဟတ်ယာဉ်များအား နည်းပြဆရာများနှင့်အတူ ကိုယ်တိုင် လိုက်ပါ မောင်းနှင်ပျံသန်းခွင့် ရရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကာ နေပြည်တော် ကောင်စီနယ်မြေ၌ စုဖွဲ့ချိန်တွင်လည်း အခြေခံ လေကြောင်းလူငယ်သင်တန်းသားများအား အခြေခံစစ်ရေးပြ(လက်နက်မဲ့) ပြိုင်ပွဲ၊ RC Simulator နှင့် RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး တန်းမြင့်လေကြောင်း လူငယ်သင်တန်းသားများ အား အခြေခံစစ်ရေးပြ (လက်နက်ပါ)ပြိုင်ပွဲ၊ Flight Simulator နှင့် RC လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ် သည်။
သင်တန်းကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့ တို့ရှိ တန်ခိုးကြီး ဘုရားများ၊ အထင်ကရနေရာများ၊ လေတပ်စခန်းဌာနချုပ်များ နှင့် လေတပ် စခန်းများရှိ ပျံသန်းရေးအုပ် များကို လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး တပ်မတော်လေယာဉ်နှင့် တပ်မတော်စစ် ရေယာဉ်များကိုပါ လိုက်ပါစီးနင်းခွင့်ရရှိအောင် လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့် အတွေ့အကြုံအသစ်များ ဗဟုသုတ အသစ်များရရှိမည် ဖြစ်သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် မြန်မာပြည် မြောက်ပိုင်း သင်တန်းစခန်းနှင့် မိတ္ထီလာသင်တန်းစခန်း၊ မန္တလေးမြို့တွင် မန္တလေးသင်တန်းစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့တွင် မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်း၊ မင်္ဂလာဒုံ မြို့တွင် ရန်ကုန်သင်တန်းစခန်း၊ ကိုကိုးကျွန်းမြို့တွင် ကိုကိုးကျွန်းသင်တန်းစခန်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မော်လမြိုင်သင်တန်းစခန်း၊ ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင် နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးမြို့တွင် တောင်ကြီးသင်တန်းစခန်း၊ ကျိုင်းတုံမြို့ တွင် ကျိုင်းတုံသင်တန်း စခန်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် တောင်ငူသင်တန်းစခန်း၊ ပြည်မြို့တွင် ပြည်သင်တန်းစခန်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြစ်ကြီးနား သင်တန်း စခန်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လွိုင်ကော်သင်တန်းစခန်း၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် မြိတ်သင်တန်းစခန်း၊ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့တွင် မကွေးသင်တန်းစခန်း၊ စကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုတွင် မုံရွာသင်တန်းစခန်း၊ ဟုမ္မလင်း မြို့တွင် ဟုမ္မလင်းသင်တန်းစခန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပုသိမ်သင်တန်း စခန်းတို့အား တစ်ပြိုင်နက် တည်း ဖွင့်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ လေတပ်ကွပ်ကဲမှုဌာန ချုပ်မှူးများ၊ လေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများက တက်ရောက် ကြသည်။
အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)အား သင်တန်းစခန်း ၁၈ခု သင်တန်းသား ၉၂၈ဦးဖြင့်လည်းကောင်း၊ တန်းမြင့်လေ ကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၉) အား သင်တန်းစခန်း ၂ခု၊ သင်တန်းသား ၁၁၆ဦးတို့ဖြင့် လည်းကောင်း ယနေ့မှ မေလ ၂၉ ရက် အထိ ဖွင့်လှစ်ပို့ချသွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။











